Friday, January 24, 2014

ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ အဓိကမြှုပ်နှံ လိုနေသည့် ဂျပန်နိုင်ငံနှင့် ဖက်စပ်လုပ်မည့် သီလ၀ါအထူး စီးပွားရေး ဇုန်အတွင်း မြှုပ်နှံလိုသူများ စတင်စာရင်း ပေးသွင်းနိုင်



ဖြိုးဝေ

သီလ၀ါစီးပွားရေးဇုန်စီမံကိန်း ဖော်ဆောင်မည့် မြေနေရာ အနီးတစ်ဝိုက် (ဓာတ်ပုံ-နီလာ)


ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ စိတ်ဝင်စားမှု မြင့်တက်နေပြီး အဓိက မြှုပ်နှံလိုနေသည့် သီလဝါ အထူးစီးပွားရေးဇုန်တွင် မြှုပ်နှံလိုသူများ အနေဖြင့် စတင်စာရင်း ပေးသွင်းနိုင်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်နှင့် သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

ဦးသူ ဦးစားပေးစနစ်ဖြင့် သီလဝါအထူး စီးပွားရေးဇုန် စီမံကိန်းမြေကွက်များအား ရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်ရုံး ၁၁ လွှာတွင် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်း၊ တည်ဆောက်မည့်စက်ရုံ၊ မြေနေရာအကျယ် အဝန်းစသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက် ပြည့်စုံစွာဖြင့် လာရောက်စာရင်း ပေးသွင်းနိုင်ကြောင်း ဦးဝင်းအောင်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဝင်ရောက်မြှုပ်နှံလိုသည့် နိုင်ငံတကာကုမ္ပဏီ အများအပြား ရှိနေသော်လည်း မြေဈေးနှုန်းကြီးမြင့် လွန်းသည်ဟုဆိုကာ ရင်းနှီးမြှုပ်နှံမှုများ တွန့်ဆုတ်နေသောကြောင့် ဂျပန်နိုင်ငံနှင့် ပူးပေါင်းတည်ထောင်မည့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မြေဈေးနှုန်း သတ်မှတ်မှုအား လက်ရှိရန်ကုန်မြို့၏ စက်မှုဇုန်ဈေးနှုန်းများထက် နည်းပါးစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်နှင့် သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

“နိုင်ငံတကာက လာရောက်မြှုပ်နှံတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ မြေဈေးနှုန်းက မြင့်လွန်းတယ်ဆိုပြီး ဝေဖန်ကြတယ်။ အခု ကျွန်တော် အာမခံနိုင်တာက သီလဝါအထူး စီးပွားရေးဇုန်မှာ မြှုပ်နှံမယ့် မြေဈေးနှုန်းက လက်ရှိရင်းနှီး မြှုပ်နှံနေတဲ့ စက်မှုဇုန် မြေဈေးနှုန်းတွေထက် နည်းစေရပါမယ်” ဟု ဦးဝင်းအောင်က ဆိုသည်။

သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် မြေဧက ၆ဝဝဝ နီးပါးအား ၂ဝ၁၃ ခုနှစ် စက်တင်ဘာအတွင်း နယ်နိမိတ် သတ်မှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယင်းသို့ သတ်မှတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ်တိုင်းတာပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေဧရိယာ စတုရန်းကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄၂၂၁ (ဧရိယာ အကျယ်အဝန်းအားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧက) ကို သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည့် နယ်နိမိတ်အတွင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ ဖန်ချက်စက်ရုံ၊ သွပ်ပြားစက်ရုံ၊ ဖိနပ်စက်ရုံများ အပါအဝင် ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ ရပ်ကွက်များနှင့် ဘာသာရေး အဆောက်အအုံများ အသုံးပြုထားသည့် အဝန်းအဝိုင်းများ တည်ရှိရာ ၁၃၄၅ ဒသမ ၆၄၄ ဧကကို ချန်လှပ်ထားရမည်ဟု ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများကို နိုဝင်ဘာ ၃ဝ ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံမှ ၄၉ ရာခိုင်နှုန်း ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။

ဂျပန်နိုင်ငံဘက်မှ မစ်ဆူဘီရှီ ကော်ပိုရေးရှင်း၊ ဆူမီတိုမို ကော်ပိုရေးရှင်းနှင့် မာရူဘီနီ ကော်ပိုရေးရှင်းတို့ ပါဝင်အကောင်အထည် ဖော်နေပြီး မြန်မာနိုင်ငံဘက်မှ အများပိုင်ကုမ္ပဏီကိုးခု ရှိကြောင်းလည်း သိရသည်။

“ရင်းနှီးမြှုပ်နှံမယ့် ကုမ္မဏီတွေကို စိစစ်ခွင့်ပြုသွားမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံခွင့်ပြုမယ့် ကုမ္ပဏီဆိုင်ရာ အချက်အလက်တွေကို မတ်လအတွင်း ထုတ်ပြန်ပေးပါမယ်” ဟု ဦးဝင်းအောင်က ဆိုသည်။

သီလဝါအထူး စီးပွားရေးဇုန်အဖြစ် မြေဧက ၆ဝဝဝ နီးပါးအား ၂ဝ၁၃ ခုနှစ် စက်တင်ဘာအတွင်း နယ်နိမိတ် သတ်မှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...