Thursday, January 30, 2014

စီးပွားရေးမညီမျှမှုအား တိုက်ဖျက်မည်ဟု ကွန်ဂရက်တွင် အိုဘားမားပြောကြား


ဇန်န၀ါရီ ၂၈ ရက်က ကွန်ဂရက်တွင် နှစ်ပတ်လည် ပြည်ထောင်စုမိန့်ခွန်း ပြောကြားနေသော သမ္မတ အိုဘားမား (Photo:AFP)


အမေရိကန်အိပ်မက်ကို ခြိမ်းခြောက်နေသော စီးပွားရေးမညီမျှမှု လှိုင်းလုံးကို ပြောင်းပြန်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟု သမ္မတအိုဘားမားက ဇန်န၀ါရီ ၂၉ ရက်တွင် ကွန်ဂရက်၌ ပြောကြားခဲ့သည့် နှစ်ပတ်လည် ပြည်ထောင်စုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အိုဘားမားက အလုပ်သမားများ၏ဘ၀ မြှင့်တင်ရန်၊ ပညာရေး တိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းစေရန် အုပ်ချုပ်ရေးအာဏာကို အစွမ်းကုန် အသုံးပြုသွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ရုပ်သံမှ တိုက်ရိုက်ကြည့်ရှုသူ သန်းပေါင်းများစွာ ပြည်သူများကို ရည်ရွယ်ပြောကြားခဲ့သော သမ္မတအိုဘားမားက “အမေရိကန်ဟာ ရပ်တန့်မနေသလို ကျွန်တော်လည်းပဲ ရပ်တန့်နေမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

မညီမျှမှုသည် ပိုမိုနက်ရှိုင်းလာပြီး အလုပ်လက်မဲ့များ များပြားလွန်းနေကြောင်း အိုဘားမားက ပြောကြားခဲ့ပြီး “ဒီလိုလားရာတွေကို ပြောင်းပြန်ဖြစ်သွားဖို့က ကျွန်တော့်အလုပ်ပါ” ဟု အိုဘားမားက အားမာန်အပြည့်ဖြင့် ပြောကြားခဲ့သည်။ ၁ နာရီ ၁၆ မိနစ်ကြာ ပြောကြားခဲ့သော ပြည်ထောင်စုမိန့်ခွန်းတွင် အိုဘားမားသည် ပြည်တွင်းရေးသာမက နိုင်ငံခြားရေး မူဝါဒတို့ကိုလည်း အလေးထားပြောကြားခဲ့သည်။

ယူကရိန်းတွင် ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံသွားမည်ဟု အိုဘားမားက ကြွေးကြော်ခဲ့ပြီး အယ်လ်ကေဒါးတို့၏ ခြိမ်းခြောက်မှုကိုလည်း ၎င်းကသတိပေးခဲ့သည်။ ထို့ပြင် ကျူးဘား ဂွာတာနာမိုဘေးရှိ အကျဉ်းစခန်းကို ပိတ်ခွင့်ပြုရန်လည်း အိုဘားမားက ကွန်ဂရက်ကို တောင်းဆိုခဲ့သည်။

အိုဘားမားသည် အီရန်နှင့် နျူကလီးယား သဘောတူညီချက် ရယူခဲ့မှုကို ခုခံပြောကြားခဲ့ပြီး စစ်ပွဲအန္တရာယ်မရှိဘဲ လုံခြုံရေး စိန်ခေါ်မှုတစ်ရပ်ကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း အီရန်နှင့်အရေးကို ခုခံပြောကြားခဲ့သည်။ အီရန်ကို ပိတ်ဆို့အရေးယူမှုသစ်များ ချမှတ်ရန် ကွန်ဂရက်က ကြိုးပမ်းလာလျှင် ဗီတိုအာဏာကို အသုံးပြုသွားမည်ဖြစ်ကြောင်း အိုဘားမားက ထပ်မံပြောကြားခဲ့သည်။ အိုဘားမားသည် အမေရိကန်စီးပွားရေး အကျပ်အတည်းမှ လွတ်မြောက်မှုအတွက် အမေရိကန်ပြည်သူတို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အလုပ်လက်မဲ့နှုန်းသည် ငါးနှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့သော်လည်း အမေရိကန်အားလုံးအတွက် ညီမျှသော အခွင့်အရေးကို ဖန်တီးပေးရန် ကတိကို ပြန်လည်ဖြည့်ဆည်းရန်သည် ၎င်းတို့မျိုးဆက်၏ ရည်မှန်းချက်ဖြစ်ကြောင်း အိုဘားမားက တိုက်တွန်းခဲ့သည်။ အမေရိကန် သန်းပေါင်းများစွာကို အထောက်အကူဖြစ်စေရန်အတွက် အနိမ့်ဆုံးလုပ်ခကို တစ်နာရီလျှင် ၇ ဒသမ ၂၅ ဒေါ်လာမှ ၁၀ ဒသမ ၁ ဒေါ်လာသို့ မြှင့်တင်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိုဘားမားက ကတိပေးခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ဆိုးရွားမှုများ ကြုံခဲ့ရပြီးနောက် လူကြိုက်များမှုနှုန်း ကျဆင်းနေသော အိုဘားမားသည် ယခုနှစ်အတွင်း သမ္မတ၏ တာဝန်များကို ချမှတ်ရန် ဦးတည်ပြင်ဆင်နေသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...