Thursday, January 30, 2014

ပညာရေးအရည်အသွေး ကျဆင်းမှုကြောင့် ဒေါ်လာဘီလျံ ၁၃၀ ခန့် နှစ်စဉ်လေလွင့်နေ



ဟေတီနိုင်ငံမြို့တော် ပိုအောပရင့်တွင် ကလေးများကို စာသင်နေသော ဆရာတစ်ဦး (Photo:AFP)


ကမ္ဘာတစ်ဝန်းရှိ ကလေးတစ်ဘီလျံ၏ လေးပုံသုံးပုံခန့်သည် အခြေခံစာဖတ်ခြင်းနှင့် သင်္ချာဘာသာရပ်ကို တတ်မြောက်အောင် မသင်ကြားနိုင်ခြင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ အစိုးရများ၏ ပညာရေးအသုံးစရိတ် ဒေါ်လာ ၁၂၉ ဘီလျံခန့် နှစ်စဉ်လေလွင့်ဆုံးရှုံးနေကြောင်း ကုလသမဂ္ဂ၏ ယူနက်စကိုအဖွဲ့က ဇန်နဝါရီ ၂၉ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတစ်ဝန်း ပညာရေး အရည်အသွေး ကျဆင်းလာမှုကြောင့် စာမတတ်သူဦးရေသည် ယခင်ယူဆထားသည်ထက် ပိုမိုကျယ်ပြန့်နေကြောင်း ယူနက်စကို၏ အစီရင်ခံစာအရ သိရသည်။

ဆင်းရဲသော နိုင်ငံများတွင် လူငယ်လေးဦးအနက် တစ်ဦးသည် စာတစ်ကြောင်းကိုပင် မဖတ်နိုင်ကြဘဲ အာဖရိကအောက်ပိုင်းဒေသတွင် ယင်းလူငယ်အရေအတွက် ရာခိုင်နှုန်း ၄ဝ အထိ မြင့်တက်လာကြောင်း သိရသည်။ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားရှိသူကို လူငယ်ဟု ကုလသမဂ္ဂက သတ်မှတ်သော်လည်း ယူနက်စကို၏ သတ်မှတ်ချက်မှာမူ ဒေသအလိုက် ကွဲပြားသည်။ “ကလေးတွေဟာ ကျောင်းမှာ နှစ်ပေါင်းများစွာ နေခဲ့ပေမယ့် လိုအပ်တဲ့ပညာရပ်တွေ မတတ်မြောက်ရင် ပညာသင်မှုရဲ့ အဓိကအချက်ကဘာလဲ” ဟု စာမျက် နှာ ၅ဝဝ နီးပါးရှိသည့် Education for All Global Monitoring Report ပြုစုရေးအဖွဲ့ ဒါရိုက်တာပေါလင်ရို့စ်က မေးခွန်းထုတ်ခဲ့သည်။

အစီရင်ခံစာတွင်ပါသော နိုင်ငံသုံးပုံတစ်ပုံကို စိစစ်လေ့လာမှုအရ ယင်းနိုင်ငံများရှိ မူလတန်းပြ ဆရာအားလုံး၏ လေးပုံသုံးပုံထက် နည်းပါးသော အရေအတွက်ကိုသာ နိုင်ငံအဆင့်အထိ လေ့ကျင့်ပေးထားကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်း မူလတန်းကလေး သန်း ၁၂ဝ သည် ကျောင်းကိုနှစ်အနည်းငယ်သာ တက်ဖူးသူ သို့မဟုတ် လုံးဝမတက်ဖူးသူတို့ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ကလေးသန်း ၂၅ဝ က အခြေခံပညာရေးကိုပင် မတတ်မြောက်ခြင်းအတွက် လေလွင့်ဆုံးရှုံးမှုသည် ကမ္ဘာတစ်ဝန်း မူလတန်းပညာရေးအတွက် အသုံးပြုမှုအားလုံး၏ ၁ဝ ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၁၂၉ ဘီလျံနှင့် ညီမျှကြောင်း ယင်းအစီရင်ခံစာကဆိုသည်။ အစီရင်ခံစာတွင် ပါဝင်သော နိုင်ငံ ၃၇ နိုင်ငံရှိ ကလေးများသည် စာသင်ခြင်း မရှိသဖြင့် ယင်းနိုင်ငံများ၏ ပညာရေးအတွက် သုံးစွဲသောငွေအားလုံး၏ ထက်ဝက်ထက်မနည်း ဆုံးရှုံးနေကြောင်း သိရသည်။ အစိုးရများသည် ကလေးများ ကျောင်းနေနှုန်းကိုသာမက ကလေးအားလုံး ညီတူညီမျှနှင့် ပိုမိုကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးတို့ကိုပါ ဦးစားပေးစေလိုကြောင်း ယင်းအစီရင်ခံစာတွင် တိုက်တွန်းထားသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...