Tuesday, February 11, 2014

စည်းမဲ့ကမ်းမဲ့ တယ်လီဖုန်းများ




( ဒီမိုကရေစီ မရသေးပေမယ့် ဖုန်းတွေတော့ တော်တော် ရကုန်ကြပါပြီ။ဒါပေမယ့် တချို့က မြောက် အုန်းသီးရသလိုပါပဲ။ မသုံးတတ်ပါဘူး။ဒီတော့ဖုန်းဆက်တဲ့ အခါ တိုင်းတိုင်းပြည်ကအသိတရားလူစဉ်မမီသေးတာကိုထုတ်ထုတ်ကြွားနေကြတဲ့သူတွေ ဒုနဲ့ဒေး ဖြစ်နေ တာတွေ့ရပါတယ်။ပြင်များပြင်ကြမလားလို့သတိလေးပေးကြည့်တာပါ ဗျာ။ )

နိုင်ငံတကာနဲ့ယှဉ်ရင် ဆက်သွယ်ရေးမှာ အများကြီးနောက်ကျနေခဲ့တဲ့ကျွန်တော်တို့ တိုင်းပြည်မှာ အခု ဆိုရင်အတိုင်းအတာတစ်ခုအထိဆက်သွယ်ရေးဆိုင်ရာတိုးတက်ဖြစ်ထွန်းမှုတွေ မြင်နေတွေ့ နေရပြီဖြစ်လို့ ဝမ်းသာကြည်နူးစရာတော်တော်လေးကောင်းပါတယ်။ နောက်ထပ်တိုးတက်မှုများကိုလည်းမကြာခင် မြင်တွေ့ ကြရတော့မှာလည်းဖြစ်ပါတယ်။ မကြာမီလ အနည်းငယ်အတွင်းမှာ လူတိုင်းနီးပါး မိုဘိုင်းတယ်လီဖုန်းနဲ့ မိုဘိုင်းအင်တာနက် အပြင်wifi အင်တာနက်သုံးစွဲခွင့်ကိုပါ ရရှိပိုင်ဆိုင်နိုင်ကြတော့မှာ သေချာနေပါပြီ။

အများကြီးခေတ်နောက်ကျကျန်နေခဲ့ရတဲ့ကျနော်တို့လူ့အဖွဲ့အစည်းဟာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြု လုပ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာဆက်သွယ်ရေးဆိုင်ရာတိုးတက်မှုများကိုလည်းအရှိန်အဟုန်နဲ့တည်ဆောက် ပြောင်း လဲနိုင်ခဲ့တယ်ဆိုတာမငြင်းနိုင်ပါဘူး။လူထုတစ်ရပ်လုံးလူစဉ်မီကြစေလိုတဲ့ စေတနာအား ကောင်းကြသူများရဲ့ ဝိုင်းဝန်းအားထုတ်ကြိုးပမ်းမှုများ၊ နိုင်ငံတော်သမ္မတရဲ့ စေတနာနဲ့လွှတ်တော်များကဆုံးဖြတ်ဆောင်ရွက်ပေးနိုင်မှု တို့ပေါင်းဆုံတဲ့အခါလူထုဟာအကြီးအကျယ်အမြတ်ထွက်ခဲ့ရတယ်လို့ ပြောရင်လည်းမမှားနိုင်ဘူးလို့ထင် ပါတယ်။

ကောင်းမွန်တဲ့ဆက်သွယ်ရေးစနစ်ကိုတည်ဆောက်နိုင်ရင် နိုင်ငံတော်ရဲ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်အဟုန်မြှင့်
ပေးနိုင်ရုံမကပါဘူး။ လူထုရဲ့ လူမှုအဆင့်အတန်းဟာလည်းသိသိသာသာ မြင့်မားတိုးတက်လာဖို့ရှိပါတယ်။ ၂၀၁၄ခုနှစ်အတွင်းမှာပဲတယ်လီဖုန်းနဲ့အင်တာနက်သုံးစွဲနိုင်မှုပမာဏဟာလက်ရှိအနေအထားနဲ့နှိုင်းယှဉ်ရင် များစွာတိုး တက်ကောင်းမွန်လာတော့မယ်ဆိုတာကိုလည်းအလွယ်တကူ ခန့်မှန်းလို့ရနေပြီဖြစ်ပါတယ်။

တစ်ဖက်မှာတိုးတက်မှုတွေရှိနေသလိုအခြားတစ်ဖက်မှာလည်းအဲဒီတိုးတက်မှုတွေနဲ့လိုက်လျောညီထွေ လိုက်ပါပြောင်းလဲတိုးတက်မှုမရှိနိုင်သေးတဲ့လူထုရဲ့လူမှုအသိပညာချို့တဲ့ခြင်းဆိုင်ရာ ပြသနာများကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရပါပြီ။တိုးတက်တဲ့ရင့်ကျက်တဲ့လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာအသိတရား ရှိစွာ နဲ့လိုက်လျောညီထွေပြုမူကျင့်ကြံနေထိုင်နိုင်မှုဟာကျွန်တော်တို့လူ့ဘောင်မှာလုံးဝမရှိသေးသလောက်ဖြစ်နေသေး တယ်လို့ တောင်ပြောရမလားမသိပါဘူး။မိုဘိုင်းဖုန်းတွေသုံးခွင့်ရလာခြင်းကဝမ်းသာစရာဖြစ်ပေမယ့်အဲဒီမိုဘိုင်း ဖုန်းတွေကြောင့်ပဲ လူ့အအဖွဲ့အစည်းကို ကြီးစွာသော ထိခိုက်မှုနှောက်ယှက်မှုတွေ ဖြစ်ပေါ်နေတာကိုစိတ်မ ချမ်းမြေ့ဖွယ်မြင်တွေ့ နေကြ ရပါတယ်။

ဘတ်စ်ဒရိုင်ဘာ တွေကကားမောင်းရင်ဖုန်းပြောကြလေ့ရှိပါတယ်။သူတို့အတွက်ထုတ်ပြန်ထားတဲ့စည်းမျဉ်း စည်းကမ်းတွေဘယ်လောက်ကောင်းတယ်မကောင်းတယ်တော့မသိရပေမယ့်ဘယ်စည်းမျဉ်းစည်းကမ်းကို မှတိတိကျကျလိုက်နာခြင်းမရှိတဲ့ဘတ်စ်ဒရိုင်ဘာတွေကအများကြီးဖြစ်နေပါတယ်။ ခရီးသည် ရာဂဏန်း နီးပါးလောက်ကိုစည်းကမ်းချိုးဖောက်ပြီး တင်ဆောင်ထားတဲ့ကားကို တာဝန်ယူ မောင်းနှင်ရတဲ့ ပုဂ္ဂိုလ်များ ဟာ မိုဘိုင်းဖုန်းလေးတွေပြောရင်း မောင်းနှင်နေကြတာ မကြာခနမြင်ရတွေ့ ရပါတယ်။ ဂိတ်ရင်းလို့ခေါ် တဲ့သူတို့ရဲ့ သက်ဆိုင်ရာ ကားဂိတ်ပေါက်နားကိုရောက်တာနဲ့ တစ်ဖက်ကို ' ခနလေးဂိတ်ရှေ့ရောက်နေ လို့ ပြန်ခေါ်လိုက်မယ် 'လို့ ပြောပြီး ဖုန်းကိုခနချပါတယ်။ ( ကားမောင်း ရင်း ဖုန်းမပြောရဘူးဆိုတာ သူတို့ သိသိကြီးနဲ့ချိုးဖောက်နေကြတာသေချာပါတယ်။ )


အဲဒီဂိတ်ကို ကျော်တာနဲ့ ဖုန်းပြန်ခေါ်ပါတယ်။ နောက်ကစီးလာတဲ့ခရီးသည်တွေကရင်တမမ နဲ့စိုးရွံ့နေကြ တာ၊ ဒရိုင်ဘာ ဖုန်းပြောနေတဲ့ကိစ္စကိုကြောက်လန့်တကြားနဲ့ ပြောဆိုနေကြတာကို သိရက်နဲ့ လုံးဝဂရုမ စိုက်ကြတာတွေ့ရပါတယ်။ မနေနိုင်လို့ ဖုန်းမပြောဖို့ လှမ်းသတိပေးတဲ့ခရီး သည်တွေကလည်းအဟိန်း အဟောက်ခံရပါတယ်။များသောအားဖြင့်လူငယ်ဒရိုင်ဘာတွေဖြစ်နေတတ် ပြီးသက်ဆိုင်ရာတာဝန်ရှိသူများ ကဆင်ခြင်တုံတရားဘယ်လောက်ရှိသလဲမစစ်ဆေးဘဲရိုင်းစိုင်းတဲ့သူ တွေကိုဘာကြောင့်ခရီးသည်အမြောက် အများတင်ပြီးကားမောင်းဖို့ခွင့်ပြကြသလဲဆိုတာလည်းစဉ်းစားလို့မရပါ။အဲသလိုဖုန်းပြောရင်းကားမောင်းလို့ ခရီးသည်တင်ဘတ်စ်ကားတွေလမ်းဘေးဓါတ်တိုင်ကိုဝင်တိုက်ပြီးဒါဏ်ရာရတဲ့သူတွေရကုန်ကြတာလည်း ကျွန်တော်ကိုယ်တိုင်ကြုံဖူးပေါင်းများလှပါပြီ။ယာဉ်တိုက်မှုများလည်းမကြာခနဖြစ်နေတာဖြစ်ပါတယ်။

ကိုယ်ပိုင်ကားမောင်းသူတွေကတော့အများကြီးပိုဆိုးပါတယ်။တယ်လီဖုန်းပြောရင်းကားမောင်းလို့ကားကအ ရမ်းနှေးသွားတာအရမ်းမြန်သွားတာမီးပွိုင့်မှာမရပ်မိဘဲမီးနီကိုဖြတ်မိမလိုဖြစ်တာကို နောက်ကျပြီးမှသတိထား မိလို့ရှေ့ကားရပ်နေတဲ့ကား ကိုဝင်တိုက်တာ ကားတွေ လေးငါးစီး ဆင့်ကဲ တိုက်တဲ့ယာဉ်တိုက်မှုတွေဖြစ် တာရေတောင်မရေတွက်နိုင်တော့ဘူးထင်ပါတယ်။စည်းကမ်းမလိုက်နာတဲ့လူတွေကိုနားမလည်နိုင်သလို အဲဒီစည်းကမ်းတွေလိုက်နာလာအောင်ထိထိရောက်ရောက်ဆောင် ရွက် ခြင်းမရှိကြသေးတာကိုလည်းနားမ လည်နိုင်တော့ပါဘူး။

တက္ကစီမောင်းတဲ့ပုဂ္ဂိုလ်များကတော့အဲဒီထက်တောင်အများကြီးပိုဆိုးပါတယ်။ကားမောင်းရင်းဖုန်း ပြောသူ အများစုကတက္ကစီမောင်းတဲ့ပုဂ္ဂိုလ်များလို့ထင်ပါတယ်။ခရီးသည်ကိုလှည့်တောင်မကြည့်အားကြပါ။အရေး တကြီးကိစ္စမို့ မဖြစ်မနေဖုန်းပြောရတယ်ဆိုရင်တောင်မှလမ်းဘေးမှာခနရပ်ပြီးပြောရင်လက်ခံလို့ရ ပါသေး တယ်။ တစ်ခါတလေ မှာ တက္ကစီဒရိုင်ဘာကို သူ့ဇနီးဖြစ်သူကဖုန်းလှမ်းဆက်ပြီးစကားအကြာကြီးပြောနေ တာမျိုးတောင်ကြုံဖူးပါတယ်။ ကားမောင်းနေတယ်လို့ ယောက်ျားဖြစ်သူက သတိပေးတာကိုတောင် အိမ်က မိန်းမတွေ ပိုက်ဆံရှာဖွေပေးနေတဲ့ အိမ်ဦးနတ်အတွက် လုံးဝလုံးဝစိုးရိမ်ရကောင်းမှန်းမသိကြတာ အံ့သြ ဖွယ်ကြုံတွေဖူးပါတယ်။ အရေမရအဖတ်မရတွေပြောနေ တာများပါတယ်။ဘယ်ယာဉ်ထိန်းရဲကမှ အရေးယူ တာလည်း မကြုံဖူးပါ။

တစ်ခါတစ်ရံများဆိုလူစည်ကားတဲ့ကော်ဖီဆိုင်ထဲမှာအေးအေးလူလူအနားယူနေကြတဲ့သူတွေကိုအားမနာဘဲ ဖုန်းကိုအကျယ်ကြီးအော်ပြောနေကြတာလည်းကြုံဖူးကြမယ်ထင်ပါတယ်။တယ်လီဖုန်းဆက်ရင်လည်းလူမှုကျင့် ဝတ်ကိုမဖြစ်မနေလိုက်နာဖို့လိုတယ်ဆိုတဲ့အသိတရားလေးတောင်မွေးရကောင်းမှန်းမသိကြပါလားဆိုတဲ့အ သိနဲ့စိတ်ပျက်လက်ပျက်ဖြစ်မိတာအမှန်ပါ။တယ်လီဖုန်းတွေလူတိုင်းကိုင်နိုင်ဖို့တစ်တပ်တစ်အားပါဝင်ကြိုးပမ်း ခဲ့မိတဲ့အတွက်ကိုယ့်ကိုယ်ကိုယ်တောင်အပြစ်တင်မိတဲ့အခါမျိုးလည်းပါတယ်။ အားလုံးကဝိုင်းဝန်းစဉ်း စားဖြေရှင်းကြဖို့ အချိန်တန်နေပြီလို့ထင်ပါတယ်။

ကျွန်တော်ကလူထုကြားထဲကကျင့်ဝတ်စည်းကမ်းမလိုက်နာမှုတွေကိုကြည့်ပြီးစိတ်ပျက်လက်ပျက်ဖြစ်နေတုန်း မှာပဲဟိုတစ်ရက်ကလွှတ်တော်ဆိုင်ရာသတင်းတစ်ပုဒ်ကိုဖတ်လိုက်ရတော့စိတ်ပျက်နေရာက နေစိတ်ဓါတ်ပါ ကျမသွားရအောင်ကိုယ့်ဘာသာမနည်းအားတင်းထားရတဲ့အဆင့်ရောက်သွားပါတော့တယ်။ လွှတ်တော် အစည်းအဝေးကျင်းပနေတုန်း အမတ်မင်းတို့ရဲ့ တယ်လီဖုန်းတွေ ထအသံမြည်လို့လွှတ်တော်ဥက္ကဌဖြစ် သူက မိုဘိုင်းဖုန်းနဲ့ပတ်သက်လို့သတိပေးရတယ်ဆိုတဲ့သတင်းပါ။သာမန် အရပ်သူအရပ်သားတွေကကျင့် ဝတ်တွေမလိုက်နာနိုင်ကြသေးတာကိုအသိပညာရေချိန်နိမ့်ပါးကြသေးလို့ပါ၊ နောက်တော့လိုက်နာရကောင်း မှန်းသိလာကြပါလိမ့်မယ်ဆိုပြီးစိတ်ကိုဖြေလို့ရပါတယ်။လွှတ် တော်ကိုယ်စားလှယ်တချို့အနေနဲ့လွှတ်တော် အစည်းအဝေးများကျင်းပနေစဉ်မှာringtone တွေကိုအသံတိုးတိုး လျှော့ထားသင့်တယ်၊silentmodeပြောင်း ထားသင့်တယ်၊ဖြစ်နိုင်ရင်ဖုန်းတွေပါပိတ်ထားသင့်တယ်ဆိုတဲ့အသိတရားမရှိကြတာအံ့သြကုန်နိုင်ဖွယ်ဖြစ်ပါ တယ်ဗျာ။ နိုင်ငံတော်နဲ့ လူထုကိုဦး ဆောင်ဦးရွက်ပြုနေကြတဲ့ပုဂ္ဂိုလိကြီးများကလူမှုကျင့်ဝတ်ဆိုင်ရာ အသိ တရားမရှိကြတာကတော့ဘယ်လောက်ဆိုးရွားတယ်ဆိုတာပြောပြစရာစကားလုံးတောင်ရှာမရတာအမှန်ပါ။

အရပ်ထဲက မဆင်မခြင်ဖုန်းပြောကြတဲ့ လူတွေ ကားဆရာတွေကို အပြစ်တင်မိတာတောင်ကျွန်တော်မှားပြီ လားလို့တွေးမိပါတယ်။အသိပညာမြင့်မားသူများလို့သတ်မှတ်ထားတဲ့လူထုကိုဦးဆောင်ဦးရွက် ပြုနေကြသူ များပင်လျှင်စည်းမဲ့ကမ်းမဲ့ပြုမူနေကြလေတော့ အရပ်ထဲကလူတွေအသိတရားနိမ့်ပါးတာ ကိုခွင့်လွှတ်နား လည်ပေးလို့ရလာပါတယ်။တဖြည်းဖြည်းနဲ့ကောင်းလာအောင်အမှန်တစ်ကယ်ထိထိ ရောက်ရောက် ဆောင် ရွက်ကြပါလို့ပဲ တောင်းပန်ရုံရှိပါတော့တယ်။

ဒီပြသနာတွေကို ထိထိရောက်ရောက်မကိုင်တွယ်ဘဲ ပစ်ထားမယ်ဆိုရင်၂၀၁၄ခုနှစ်နောက်ပိုင်းမိုဘိုင်းဆက် သွယ်ရေးက အခုထက် အဆများစွာတိုးတက်လာရင်ဆိုတဲ့အတွေးဝင်မိတော့ တော်တော်ထိတ်လန့် မိပါ တယ်။ဖုန်းကိုစည်းနဲ့ကမ်းနဲ့မသုံးစွဲတတ်ကြဘူးဆိုရင်လူ့အဖွဲ့အစည်းကိုထိခိုက်ပျက်စီးစေမှုတွေပိုများလာ ပါတော့မယ်။အနှောက်အယှက်ဖြစ်မှုတွေတိုးပွားလာပါတော့မယ်။ဒီထက်ပိုပြီးအရေးကြီးတာကစည်းကမ်းမရှိ တဲ့တယ်လီဖုန်းတွေကြောင့်တခြားတပါးသောနိုင်ငံသားတို့ကNational Identityကိုပါအထင် အမြင်သေး တာကိုပါ ခံကြ ရတော့မှာဖြစ်တဲ့အတွက် သက်ဆိုင်သူ များအနေနဲ့နိုင်ငံနဲ့လူထုအကျိုးကိုအမှန်တစ်ကယ် လိုလားပါတယ်ဆိုရင်ဖြင့်အခုကတည်းကထိထိ ရောက်ရောက်လေးတည့်မတ်ပြင်ဆင်ပေးကြစေလိုပါကြောင်း အနူးအညွတ်တောင်းပန်လိုက်ရ ပါတယ်။ ။

ပိုက်တင်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...