Friday, February 28, 2014

အင်းစိန်မြို့နယ် မီးရထားပိုင်မြေအတွင်းမှ ဖယ်ရှားခံကျူးကျော် မိသားစုများ၏ ကျောင်းနေအရွယ်ကလေး ၁၀၀ ကျော် နေရေးအခက်အခဲကြောင့် အတန်းတင်စာမေးပွဲ မဖြေဆိုဖြစ်


ဝေလင်းအောင်
အင်းစိန်မြို့နယ်ရှိ ဖယ်ရှားခံ ကျူးကျော်မိသားစုဝင် ကလေးငယ်တစ်ဦး ကျောင်းတက်ရန် ပြင်ဆင်နေသည်ကို ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ်


ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဈေးကုန်းအရှေ့ရပ်ကွက် စံကျော်စုမီးရထား စက်ခေါင်းစက်ရုံပိုင်မြေ အတွင်းမှ ဖယ်ရှားခံရသည့် ကျူးကျော်မိသားစုများ၏ ကျောင်းနေအရွယ်ကလေး ၁၀၀ ကျော်မှာ နေရေးထိုင်ရေး အခက်အခဲများကြောင့် အတန်းတင်စာမေးပွဲ မဖြေဆိုဖြစ်ခဲ့ကြောင်း ဖယ်ရှားခံရသည့် မိသားစုများထံမှ သိရသည်။

အဆိုပါ မြေနေရာများကို မီးရထားစီမံကိန်း မြေနေရာ ဖြစ်သည်ဟုဆိုကာ မီးရထား စက်ခေါင်းဝန်ထမ်းများမှ အပတ်စဉ် သောကြာနေ့တိုင်း ဓား၊ လွှစက်များဖြင့် နေအိမ်များကို ဖျက်သိမ်းဖယ်ရှား နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဖျက်သိမ်းဖယ်ရှားခံရသည့် ကျူးကျော်အိမ် စုစုပေါင်း ၁၂၀ ၀န်းကျင်ရပြီး ထိုသို့ ဖယ်ရှားခံရသည့်အတွက် လူဦးရေ ၂၀၀ ကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ကျောင်းနေအရွယ် ကလေးများမှာလည်း စာမေးပွဲဖြေဆိုရန် အခက်အခဲများစွာ ရှိနေကြောင်း နေထိုင်သူများက ဆိုသည်။

သို့ဖြစ်၍ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းတက်နေသည့် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်မှာ စာမေးပွဲခုံနံပါတ် မထုတ်ယူဖြစ်ခြင်းနှင့် စာမေးပွဲ သွားရောက် မဖြေဆိုခြင်းများ ရှိခဲ့ကြောင်း သိရသည်။

“အရင် လာဖျက်ခဲ့တဲ့ ၂၁ ရက်တုန်းက အိမ်က မူလတန်း၊ အလယ်တန်းတက်နေတဲ့ ကျောင်းသား သုံးဦးစာမေးပွဲခုံနံပါတ် သွားမထုတ်ဖြစ်ခဲ့ဘူး။ လာဖျက်ကြတဲ့ အခါကျတော့ ပစ္စည်းတွေသိမ်း ဘာတွေသိမ်းဆိုတော့ ကလေးတွေလည်း ကျောင်းကိစ္စကို ဂရုမစိုက် နိုင်တော့ဘူး ဖြစ်သွားတယ်။ ဒီလိုပဲဒီမှာ ကျောင်းနေတဲ့ ကလေး ၁၀၀ ကျော်က စာမေးပွဲဝင် မဖြေဖြစ်ဘူး။ စာကျက်ဖို့ နေရာလည်းမရှိ မိဘတွေက စားဝတ်နေရေး ပူပန်နေရတော့ သူတို့လည်း စာကျက်ဖို့စိတ်မပါတော့ဘူး တူပါတယ်။ ဒီမှာက လက်လုပ်လက်စား ကျပန်းတွေဆိုတော့ တစ်ရက်ထမင်းစားရဖို့ကိုပဲ လုံးပန်းပြီးရှာနေရတယ်” ဟု ဖယ်ရှားခံရသည့် ကလေးရှစ်ဦးဖခင် ဦးထွန်းရင်က ဖေဖော်ဝါရီ ၂၇ ရက်က ပြောကြားသည်။

ဖယ်ရှားခံရသည့် အိမ်ထောင်စုများမှာ နေစရာနေရာ မရှိသဖြင့် အဆိုပါနေရာ၌ပင် အမိုးအကာထိုး၍ ဆက်လက်နေထိုင် နေကြကြောင်းသိရှိရပြီး မီးရထားမှ တာဝန်ရှိသူများက အမိုးအကာနှင့် ပစ္စည်းများကို မီးရထားပေါ်သို့ ဆွဲတင်မှုများရှိကြောင်း နေထိုင်သူများထံမှ သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...