Thursday, March 20, 2014

မြန်မာလူငယ်တွေ အစွမ်းပြခဲ့တဲ့ မြန်မာနိုင်ငံ ပထမဆုံး စုပေါင်းကုတ်ရေးပွဲ




မြန်မာနိုင်ငံမှာ ပထမဆုံး စုပေါင်းကုတ်ရေးပွဲကို မတ်လ ၁၅ရက်နေ့နဲ့ ၁၆ရက်နေ့တွေမှာ ကျင်းပခဲ့ပြီး အစွမ်းအစရှိလူငယ်တွေဖြစ်တဲ့ ကုတ်ရေးသူ၊ ဒီဇိုင်နာ နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ လက်ရှိမြန်မာနိုင်ငံ အခြေအနေမှာ အရေးပါတဲ့ ကဏ္ဍတွေအတွက် Applicationတွေ ရေးဆွဲခဲ့ကြပြီး အကောင်းဆုံး ၃ခုကို စိစစ်ရွေးချယ်ကာ ဆုများချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ကုတ်ရေးသူ လူငယ် ၇၆ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပေါင်း ၁၇ဖွဲ့ဟာ NGO ကတင်ပြလာတဲ့ ပြဿနာ ၈ခုကို ဖြေရှင်းနိုင်မယ့် Application တွေကို ၄၈နာရီအတွင်း ရေးဆွဲယှဉ်ပြိုင်ခဲ့ကြရတာပါ။ ၄၈နာရီကြာ အကြိတ်အနယ်ယှဉ်ပြိုင်ကြပြီးတဲ့နောက် စုပေါင်းကုတ်ရေးပွဲကို မတ်လ ၁၆ရက်နေ့ ညနေ ၆နာရီမှာ ပြီးဆုံးသွားခဲ့ပါတယ်။ စုပေါင်းကုတ်ရေးပွဲကို Code for Change Myanmar ကနေ စုစည်းခဲ့ပြီး Internews ကနေ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူမှု စိန်ခေါ်မှုတွေကို ထဲထဲဝင်ဝင် နားလည်ပြီး နည်းပညာပိုင်းမှာ အတွေ့အကြုံရှိတဲ့ ဒိုင်လူကြီးများက အကဲဖြတ် အမှတ်ပေးခဲ့ကြပါတယ်။ အကဲဖြတ် အမှတ်ပေးခဲ့သူတွေကတော့ ဦးသောင်းစုငြိမ်း (အမှုဆောင်အရာရှိချုပ်၊ Information Matrix), ဒေါ်နှင်းနှင်းပိုင်း (လူသားဖွံ့ဖြိုးတိုးတက်ရေး ၀ါရင့်ပညာရှင်၊ The World Bank), ဒေါ်အေးမြလှိုင် (ကျောင်းအုပ်၊ The Sun Institute) နဲ့ Phil Morle (အမှုဆောင်အရာရှိချုပ်၊ Pollenizer Global) တို့ပဲဖြစ်ပါတယ်။

ပထမဆုကို ခေတ်မှီဆန်းပြားတဲ့ Android App ရေးဆွဲခဲ့တဲ့ ‘Nilbug’က ရရှိခဲ့ပါတယ်။ အနီးတစ်ဝိုက်မှာ ကျရောက်နေတဲ့ ပိုးမွှားတွေနဲ့ ရောဂါပိုးတွေအကြောင်း လယ်သမားတွေဆီ ကြိုတင်သတိပေးနိုင်မယ့် App တစ်ခုပါ။ ပထမဆုအနေနဲ့ ကန်ဒေါ်လာ ၁၀၀၀၊ SingTech Sapphire iTab Mini (tablet) တစ်လုံးစီ နဲ့ Phil Morle ရဲ့ StartUp Focus စာအုပ်တစ်အုပ်စီ ပေးအပ်ချီးမြှင့်ခံခဲ့ရပါတယ်။

ဒုတိယဆုကို ‘Electage’ အဖွဲ့က ရရှိခဲ့ပြီး ၂၀၁၅ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲ စည်းမျဉ်းနဲ့ မညီညွတ်မှုတွေကို ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့တွေအနေနဲ့ သတင်းပို့နိုင်စေမယ့် ap တစ်ခုကို ရေးဆွဲခဲ့ကြတာပါ။ ကန်ဒေါ်လာ ၅၀၀ နဲ့ SingTech ရဲ့ Sapphire Prime စမတ်ဖုန်း တစ်လုံးစီ ရရှိခဲ့ကြပါတယ်။

‘Mild Product’ အဖွဲ့ဟာ တတိယဆုရရှိခဲ့ပြီး အမျိုးသမီးများအတွက် သားဆက်ခြားမှုကို ထိန်းတဲ့နေရာမှာ ကူညီနိုင်မယ့် App တစ်ခုကို ရေးဆွဲခဲ့ကြတာပါ။ ကန်ဒေါ်လာ ၂၅၀နဲ့ SingTech iPure စမတ်ဖုန်းတစ်လုံးစီ ရရှိခဲ့ကြပါတယ်။

သီဟနိုင်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...