Tuesday, March 11, 2014

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ရထားတိုက်မှုဖြစ်စဉ် သုံးခု ဖြစ်ပွားပြီး လူသုံးဦး သေဆုံး



အောင်မျိုးသန့်

မတ် ၈ ရက် ည ၈ နာရီတွင် မေတ္တာညွှန့်ဘူတာအနီး ရထားကြိတ်ခံရ၍ သေဆုံးနေသူအား ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)


ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ရထားတိုက်မှုဖြစ်စဉ် သုံးခုဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ကြောင်း အမှတ် ၃ ရထား ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ရထားကြိတ်မှု ဖြစ်ပွားခဲ့သော မြို့နယ်များမှာ တာမွေမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်များ၌ဖြစ်ပြီး မတ် ၈ ရက် ည ၈ နာရီတွင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် မေတ္တာညွန့်ဘူတာ ထောင့် မိုင်တိုင် (၃/၃)နှင့် (၃/၄)ကြား သံလမ်းပေါ်တွင် ထိုင်နေသူ အသက် ၄၀ နှစ်ခန့် အမျိုးသားတစ်ဦးကို ရန်ကုန်-မင်္ဂလာ ဒုံမြို့ပတ်ရထားက တိုက်မိ၍ ဦးခေါင်းနှင့် လက်ကြေမွကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ မတ် ၉ ရက် မနက် ၆ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက် ငမိုးရိပ်ဘူတာအ၀င် မိုင်တိုင်အမှတ် ၅/ ၁၁- ၁၂ တွင် အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ရထားတိုက်မိ၍ သေဆုံးသွား ခဲ့ကြောင်း သိရသည်။


လူတွေရဲ့ ဆင်ခြင်တုံတရား အားနည်းမှုတွေကြောင့် ဖြစ်ပါတယ်။ နောက်ပြီး တချို့လူတွေက ရထားသံလမ်းပေါ်မှာထိုင်ပြီး အရက်သေစာ သောက်စားတာတွေ၊ ရထားလာနေတာကို သိရက်နဲ့ မထီမဲ့မြင် လုပ်တာတွေ...

ထို့အပြင် မတ် ၉ ရက် ညနေ ၄ နာရီ ၀န်းကျင်၌လည်း ရွှေပြည်သာမြို့နယ် ဇီးကုန်းမြောက်ပိုင်း၊ လှော်ကား-တညင်းကုန်း ဘူတာကြားတွင် အသက် ၂၈ အရွယ် တပ်မတော်အငြိမ်းစား ၀န်ထမ်းတစ်ဦး ရထားတိုက်မိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရထားကြိတ်မှုကြောင့် လူသေဆုံးခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အမှတ် ၃ ရထားရဲ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ကျော်တေဇက "အဓိကယက လူတွေရဲ့ ဆင်ခြင်တုံတရား အားနည်းမှုတွေကြောင့် ဖြစ်ပါတယ်။ နောက်ပြီး တချို့လူတွေက ရထားသံလမ်းပေါ်မှာထိုင်ပြီး အရက်သေစာ သောက်စားတာတွေ၊ ရထားလာနေတာကို သိရက်နဲ့ မထီမဲ့မြင် လုပ်တာတွေ၊ စိတ်ကျန်းမာရေး ချို့တဲ့သူတွေ စတဲ့အချက်တွေကြောင့် ရထားကြိတ်ခံရတာပါ" ဟု မတ် ၁၀ ရက် ညနေပိုင်းက ပြောကြားသည်။

ယင်းဖြစ်စဉ်များကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းများက သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...