Wednesday, March 12, 2014

Oishi အာလူးကြော်နှင့် ထိုင်းနိုင်ငံထုတ် DEEDO အချိုရည်များကို ဈေးကွက်တွင်းမှ နမူနာတောင်းယူ၍ ထက်မံစစ်ဆေးမည်



သန်းထိုက်အောင်
Oishi အာလူးကြော်ထုတ်များနှင့် DEEDO အချိုရည်များ


Oishi အာလူးကြော်နှင့် ထိုင်းနိုင်ငံထုတ် DEEDO အချိုရည်များကို ဈေးကွက်တွင်းမှ နမူနာတောင်းယူ စစ်ဆေးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သွယ်မှုနှင့် စားသုံးသူရေးရာ ဦးစီးဌာနရုံးများသို့ ဆက်သွယ်ညွှန်ကြားထားကြောင်း ကုန်သွယ်မှုနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

ကုန်သွယ်မှုနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်က “တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုးခုမှာရှိတဲ့ ကျွန်တော်တို့ရုံးတွေကို ညွှန်ကြားချက် ထုတ်ထားပါတယ်။ ဈေးကွက်ထဲမှာရှိနေတဲ့ ဒီအစားအသောက်တွေကို နမူနာရယူပြီး ဥပမာ ရန်ကုန်တိုင်းမှာပဲ ဖြစ်တာလား၊ အခြားနေရာတွေမှာရော ဒီအတိုင်း ဖြစ်နေလားဆိုတာကို စုံစမ်းဖို့ပါ။ ပြီးရင်ဆေးဝါးနှင့် အစားအသောက်ကွပ်ကဲရေး အဖွဲ့ကို ချက်ချင်းပို့ပြီး ဓာတ်ခွဲခန်းအဖြေကို စောင့်ကြည့်သွားမယ်။ ထွက်လာတဲ့အဖြေပေါ်မှာ မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။

စားသုံးရန်မသင့်သည့် မှိုကို ဆက်တိုက်စားသုံးမိပါလျှင် အူမကြီးကင်ဆာ၊ အစာအိမ်အူလမ်းကြောင်း ကင်ဆာကဲ့သို့ ရောဂါမျိုး ဖြစ်ပွားနိုင်ကြောင်း စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကဆိုသည်။

သမ၀ါယမ ၀န်ကြီးဌာန၏ ဓာတ်ခွဲခန်း စစ်ဆေးချက် ရလဒ်များအရ DEEDO အချိုရည်တွင် တွေ့ရသော ပါဝင်ပစ္စည်း အမျိုးအစားများမှာ Coliform (MPN/ml) နှင့် Mold (cfu/ml) တို့ဖြစ်ပြီး Mold (cfu/ml)သည် ဓာတုဗေဒပစ္စည်း ပါဝင်မှုအရ မှိုပမာဏ ခြောက်သိန်းကျော်နေခြင်းဖြစ်ပြီး Oishi အမှတ်တံဆိပ် Potato Fries အမည်ရှိ အာလူးကြော်ကိုလည်း စစ်ဆေးကြည့်ခဲ့ရာ အာလူးကြော်ဆီတွင် အန္တရာယ်ရှိသည့် အက်စစ်ပါဝင်မှုပမာဏ မြင့်တက်နေကြောင်း သိရသည်။

ဓာတ်ခွဲခန်း စစ်ဆေးချက်ရလဒ်များ အနေဖြင့် ပါဝင်ပစ္စည်း အမျိုးအစားများမှာ Rancidity နှင့် Acid Value တို့ဖြစ်ပြီး Acid Value သည် သတ်မှတ်ထားသည့် အဆင့် ၄ ထက်ကျော်လွန်ကာ ၅ ဒသမ ၂၇၉ အဆင့်သို့ ရောက်ရှိနေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...