( ၂၀၁၁ မှာ လွှင့်ခဲ့တဲ့ ဒီအင်တာဗျုးက အေမီပါဒီ ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းပါ။ နည်းနည်း မိတ်ဆက်ပေးရရင်
အေမီကို ၇.၁၁.၇၉ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၁၉ နှစ်မှာ ဦးဏှောက်အမြှေးရောင်ရောဂါပိုးကြောင့် သွေးဆိပ်တက်ရာက ခြေထောက်နှစ်ဖက် ဖြတ်ခဲ့ရပါတယ်။ ကျောက်ကပ် ၂ ဖက်ပျက်စီးခဲ့ပြီး သရက်ရွက်ကိုလည်း ထုတ်ပစ်ခဲ့ရတယ်။ ၂ နှစ်ကြာပြီးတဲ့နောက် ဖခင်ထံက ကျောက်ကပ်တစ်လုံး ပြန်အစားထိုးခဲ့ရတယ်။ ခြေထောက်ဖြတ်ပြီး ၇ လအကြာမှာ အေမီဟာ စပြီးနှင်းလျှောစီးခဲ့တယ်။ ၂၀၀၃ မှာတော့ လူငယ်မသန်မစွမ်းတွေအတွက် ထူထောင်ထားတဲ့ NGO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်လာခဲ့ပြီး အကြောပြင်ပညာရှင်အဖြစ်လည်း အသက်မွေးခဲ့ပါတယ်။ အလှပြမော်ဒယ်လုပ်ငန်းထဲကိုလည်း ၀င်ခဲ့ပါတယ်။ ၂၀၀၃ နောက်ပိုင်းမှာတော့ အေမီဟာ ခြေတုထုတ်လုပ်သူ၊ မသန်စွမ်းသူတို့ရဲ့ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ အေမီဟာ What’s Buggin Seth ဆိုတဲ့ ရုပ်ရှင်မှာပါဝင်ခဲ့ပြီး ၂၀၁၄ မှာတော့ How to Raise an Olympian ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။
အခုတော့ အေမီဟာ အမေရိကန်ရုပ်သံလိုင်းက ကျင်းပတဲ့ 18th Season of Dancing with Stars ဆိုတဲ့ အကပြိုင်ပွဲမှာ ၀င်နွှဲနေတာ ၃ ပတ်တိတိရှိပြီဖြစ်ပြီး ပရိသတ်ရဲ့ မျက်ရည်စိုတဲ့ အားကျချီးမွမ်းမှုတွေကို ခံယူရရှိနေပါတယ်။ အေမီရဲ့ ကိုယ်တိုင်ပြော အထုပ္ပတ္တိကို နားထောင်ကြည့်ရအောင်။ )
တကယ်လို့ ရှင်တို့ရဲ့ ဘ၀ဟာ စာအုပ်တစ်အုပ်ဖြစ်ပြီးတော့ ရှင်တို့ဟာ စာရေးဆရာဖြစ်မယ်ဆိုရင် ဘယ်လိုဇတ်လမ်းမျိုးဖြစ်စေချင်ပါသလဲရှင်။
ဒီမေးခွန်းဟာ ကျွန်မရဲ့ ဘ၀ကို ထာဝရပြောင်းလဲစေခဲ့ပါတယ်။
ကျွန်မဟာ လပ်စ်ဗီးဂပ်စ် သဲကန္ထာရနယ်မြေမှာမွေးဖွားခဲ့ပြီး ကျွန်မအလိုချင်ဆုံးကတော့ လွတ်လပ်မှုပါပဲ။ တကမ္ဘာလုံးအနှံ့ခရီးထွက်မယ်၊ နှင်းတွေဖုံးနေတဲ့ဒေသမှာ အခြေချမယ်၊ ၀တ္တုတွေရေးမယ်လို့ စိတ်ကူးယဉ် အိပ်မက်တွေမက်ခဲ့ပါတယ်။ အထက်တန်းကျောင်းအောင်ပြီးတော့ ၁၉ နှစ်မှာ နှင်းတွေဖုံးနေတဲ့နေရာကို ရွှေ့ပြောင်းခဲ့ပြီး အကြောပြင်ပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီအလုပ်မှာ ကျွန်မအတွက် လက်နှစ်ဖက်ရယ်၊ ကုတင်တစ်လုံးရယ်ပဲ လိုအပ်ပြီး ဘယ်နေရာကိုမဆို သွားလို့ရခဲ့ပါတယ်။ ကျွန်မဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် လွတ်လွတ်လပ်လပ်၊ အနှောင်အဖွဲ့ကင်းကင်းနဲ့ ကိုယ်တိုင်ထိန်းချုပ်ခွင့်ကို ရခဲ့ပါတယ်။ ဘ၀ခရီးဟာ ရုတ်တရက်ကြီး မကောက်ကွေ့သွားခင်အချိန်အထိပေါ့လေ။
တစ်နေ့မှာ တုပ်ကွေးဖြစ်တယ်ထင်လို့ အလုပ်ကစောစောအိမ်ပြန်လာခဲ့ပါတယ်။ ၂၄ နာရီမပြည့်ခင်မှာပဲ ကျွန်မဆေးရုံပေါ်မှာ အသက်ရှူစက်တပ်ထားရပြီး အသက်ရှင်ခွင့် ၂ % ပဲရှိတော့တဲ့အခြေအနေကို ရောက်နေပါပြီ။ ဆရာဝန်တွေက ဦးဏှောက်အမြှေးရောင်တာလို့ ရောဂါနာမည်တပ်ကြပြီး ၂ လခွဲအတွင်းမှာ သရက်ရွက်၊ ကျောက်ကပ်၊ ဘယ်ဘက်နားအကြားအာရုံနဲ့ ကျွန်မရဲ့ ဒူးအောက်ပိုင်း ခြေ ၂ ချောင်းကို ဆုံးရှူံးခဲ့ရပါတယ်။ ကျွန်မ မိဘတွေက ကျွန်မကို ဆေးရုံကနေ ဘီးတပ်လှည်းနဲ့ တွန်းထုတ်ယူလာတဲ့အခါ ကျွန်မစိတ်ထဲမှာ တစ်ကိုယ်လုံးကို ကော်ပတ်ရုပ်တစ်ရုပ်လို တစ်စစီပြန်တပ်ဆင်ထားသလိုခံစားရပါတယ်။
အဆိုးဆုံးကာလကို ဖြတ်ကျော်ခဲ့ပြီလို့ ထင်ခဲ့မိတာ ခြေတုတွေကို ပထမဆုံးတွေ့တဲ့အချိန်မှာတော့ မှားပြီလို့သိရပါတော့တယ်။ ခြေတုတွေက ဖောင်းဖောင်းကြီးကြီး၊ သတ္တုတွေ၊ ပိုက်တွေနဲ့ အ၀ါရောင်ရာဘာခြေချောင်းတွေကို မြင်ရတဲ့အချိန်မှာ အမေ့ကို ဘေးမှာထားပြီး မျက်ရည်ပင်လယ်ဝေနေခဲ့မိပါတယ်။ ဒီခြေတုကြီးတွေကို စွပ်ပြီး မတ်တပ်ရပ်ကြည့်တဲ့အခါ သိပ်ကိုနာကျင်ပြီး သိပ်လှူပ်လို့လည်းမရပါဘူး။ ဒီခြေထောက်တွေနဲ့ ကမ္ဘာပတ်ပြီး ဘယ်လိုခရီးသွားမလဲ၊ ကျွန်မနေချင်တဲ့ စွန့်စားခန်းတွေ၊ ပုံပြင်တွေပြည့်နေတဲ့ဘ၀မျိုးကို ဘယ်လိုနေရပါ့မလဲလို့ မတွေးပဲမနေနိုင်ပါဘူး။ ဘယ်လိုပြန်ပြီး နှင်းလျှောစီးနိုင်ပါ့မလဲ။ အဲဒီနေ့က အိမ်ပြန်ပြီး အိပ်ရာထဲမှာခွေနေလိုက်တာ နောက်ထပ်လပေါင်းနည်းနည်းကြာသွားတဲ့အထိပါပဲ။ ခြေတုတွေကို အိပ်ရာဘေးမှာထားပြီး လက်တွေ့ကိုရင်မဆိုင်ပဲ ရှောင်လွှဲနေလိုက်တာ စိတ်ရော၊ ကိုယ်ရော တစ်စစီပြိုကွဲကုန်ပါတယ်။ ဒါပေမဲ့ ကျွန်မသိတာက ရှေ့ဆက်သွားဖို့ဆိုရင် အေမီအဟောင်းကို စွန့်လွှတ်ပြီး အေမီအသစ်ကို ထွေးပွေ့ရမယ်ဆိုတာပါပဲ။
ဒါကို နားလည်လာတဲ့အခါကျတော့ ကျွန်မအနေနဲ့ အရပ် ၅ ပေ ၅ လက္မပဲ ဖြစ်နေစရာမလိုတော့ဘူးလေ။ ခြေတုအကူအညီနဲ့ ကျွန်မ အရပ်ရှည်ချင်သလောက်ရှည်လို့ရတယ်။ ( ရယ်သံများ) ဒါမှမဟုတ်လည်း ကျွန်မတွဲသွားတဲ့သူရဲ့ အရပ်ပေါ်မူတည်ပြီး ပုချင်သလောက်လည်း ပုလို့ရသေးတယ်။ ( ရယ်သံများ) နှင်းလျှောစီးတဲ့အခါကျရင်လည်း ခြေထောက်တွေအေးမနေတော့ဘူး။ ( ရယ်သံများ) အကောင်းဆုံးကတော့ ကျွန်မခြေထောက်ကို ရှိသမျှဖိနပ်အားလုံးနဲ့ တော်အောင်လုပ်လို့ရတယ်လေ။ ( ရယ်သံများ) ဒါကြောင့် ခြေတုမှာကောင်းကျိုးတွေလည်းရှိပါတယ်။
ဒီအချိန်မှာပဲ ကျွန်မကိုယ် ကျွန်မမေးမိတာပါ။ ဘ၀ပုစ္ဆာပေါ့လေ။ တကယ်လို့ ကျွန်မရဲ့ ဘ၀ဟာ စာအုပ်တစ်အုပ်ဖြစ်ပြီး ကျွန်မဟာ စာရေးဆရာဖြစ်မယ်ဆိုရင် ဘယ်လိုဇတ်လမ်းမျိုးဖြစ်စေချင်သလဲလို့။ အဲဒီအချိန်ကစပြီး ငယ်ငယ်တုန်းကလိုပဲ နွေနေ့လည်အိပ်မက်ကို ပြန်စမက်ပါတော့တယ်။ ကိုယ့်ကိုယ်ကို လှလှပပ လမ်းလျှောက်နေတာမြင်ကြည့်တယ်။ ကျွန်မခရီးတစ်လျှောက် တခြားလူတွေကို ကူညီနေတယ်။ နှင်းတောင်တစ်လျှောက် နှင်းတွေကို ထိတွေ့ရုံမကပဲ လေကလည်း မျက်နှာကိုတိုးလို့၊ ရင်ခုန်သံတွေလည်းမြန်လို့ ပြန်ပြီးနှင်းလျှောစီးဖို့ စိတ်ကူးယဉ်တယ်။ တကယ့်ကို ဖြစ်နေသလိုမျိုး အချိန်တိုင်းမှာ တွေးနေတာ။ ဒါနဲ့ပဲ ကျွန်မဘ၀မှာ ကဏ္ဍသစ်တစ်ခုကို ဖွင့်နိုင်ခဲ့ပါတော့တယ်။
၎ လကြာပြီးတဲ့အခါ ကျွန်မ နှင်းလျှောစီးခြေနင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။ ဒါပေမဲ့ မျှော်လင့်ထားတဲ့အတိုင်းတော့ မဖြစ်ခဲ့ပါဘူး။ ဒူးနဲ့ ခြေကျင်းဝတ်က ကွေးလို့မရဘူး။ ခြေနင်းကြီးဝတ်လျက်နဲ့ ကျွန်မလဲသွားတော့ ကျန်တဲ့ စကိတ်စီးသမားတွေကို ထိမိကုန်တယ်။ ( ရယ်သံများ) တောင်ပေါ်ကနေ လျှောဆင်းဖို့ ကြိုးစားပေမယ့် တောင်ထိပ်မှာပဲ ကပ်ကျန်နေခဲ့တယ်။( ရယ်သံများ) ကျွန်မ အတော်ကို တုန်လှူပ်သွားတာ။ ကျန်တဲ့သူတွေလိုပဲ ကျွန်မ အတော်ကိုစိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်မသာ သင့်တော်တဲ့ ခြေတုတစ်စုံရမယ်ဆိုရင် နှင်းလျှောစီးနိုင်မှာပဲလို့ ကျွန်မသိတယ်။
ဒါဟာကျွန်မအတွက်တော့ အကန့်အသတ်ဘောင်တွေအကြောင်း လေ့လာခွင့်ရတဲ့အချိန်ပါပဲ။ အခက်အခဲအတားအဆီးတွေဆိုတာ ၂ မျိုးပဲလုပ်နိုင်ပါတယ်။
ကျွန်မတို့ကို ပိတ်မိနေအောင် တားထားမလား။
တီထွင်ဖန်တီးနိုင်အောင် တွန်းအားပေးမလား ဆိုတာပါပဲ။
ကျွန်မအနေနဲ့ ဘယ်လိုခြေတုတွေသုံးရမလဲဆိုတာ တစ်နှစ်လုံးလုံး ရှာဖွေနေခဲ့ပါတယ်။ ဘယ်လိုမှ မတွေ့တဲ့အဆုံး ကိုယ့်ဘာသာထွင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခြေတုလုပ်တဲ့သူနဲ့ ကျွန်မနဲ့ဟာ ခြေတုအပိုင်းတွေကို တစ်စစီတပ်ကြည့်ကြတယ်။ နောက်ဆုံးမှာတော့ နှင်းလျှောစီးဖို့ ခြေတုတစ်စုံရလာပါတယ်။ ကျွန်မခြေသည်းအရောင်လေးတွေကိုတောင် ပြောင်းလို့ရသေးတယ်။ ကျွန်မ ၂၁ နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ် ဒီခြေတုအသစ်တစ်စုံနဲ့ ကျွန်မအဖေရဲ့ ကျောက်ကပ်ကို ရခဲ့ပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ နှင်းလျှောစီးတယ်၊ အလုပ်ပြန်လုပ်တယ်၊ ကျောင်းပြန်တက်တယ်။
၂၀၀၅ ခုနှစ်မှာတော့ NGO လုပ်ငန်းတစ်ခုကို မသန်မစွမ်းလူငယ်တွေအတွက်ထူထောင်နိုင်ခဲ့ပြီး သူတို့ကို အားကစားပွဲတွေဝင်ပြိုင်နိုင်အောင် ကူညီနိုင်ခဲ့တယ်။ တောင်အာဖရိကကိုသွားပြီး ကလေးငယ်ပေါင်းများစွာကို ဖိနပ်စီးနိုင်အောင် ကူညီနိုင်ခဲ့တာမို့ သူတို့တွေ ကျောင်းတက်ခွင့်ရခဲ့ကြတယ်။ ဒီနှစ် ဖေဖော်ဝါရီမှာတော့ ကျွန်မဟာ ကမ္ဘာ့ဖလား ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ( လက်ခုပ်သံများ ) ဒါဟာ ကျွန်မကို ကမ္ဘာထိပ်တန်းအဆင့် အမျိုးသမီးနှင်းလျှောစီးသူ အဖြစ်သတ်မှတ်ခံရတာပါ။
လွန်ခဲ့တဲ့ ၁၁ နှစ်၊ ကျွန်မ ခြေထောက်တွေကို ဆုံးရှူံးခဲ့တုန်းက ရှေ့မှာဘာတွေဖြစ်လာမယ်၊ ဘာတွေကို မျှော်မှန်းရမယ်ဆိုတာ မသိခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့အတိတ်ကို ပြန်ပြောင်းချင်သလားလို့ ဒီနေ့မေးလာခဲ့ရင်တော့ မပြောင်းချင်ပါဘူးလို့ ဖြေရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီခြေထောက်တွေက ကျွန်မကို မသန်မစွမ်းဖြစ်စေတာမဟုတ်ပဲ သန်စွမ်းစေတာမို့ပါ။ သူတို့က ကျွန်မကို စိတ်ကူးမျှော်လင့်ချက်တွေအပေါ် အားကိုးစေတယ်။ ဖြစ်နိုင်ခြေတွေကို ယုံကြည်စေတယ်။ ဒါကြောင့်လည်း ကျွန်မတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို လက်နက်ကရိယာတွေအဖြစ် အသုံးချလို့ရတယ်လို့ ကျွန်မက ယုံကြည်ပါတယ်။ ဘောင်တွေကို ဖွင့်ထုတ်မယ်၊ စိတ်ထဲမှာ ကျွန်မတို့ ဘာမဆိုလုပ်နိုင်တယ်၊ ဘာမဆိုဖြစ်နိုင်တယ်။ ဒီအိပ်မက်တွေကို ယုံကြည်ပြီး ခေါင်းထဲက အကြောက်တရားတွေကို ရင်ဆိုင်နိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ဘ၀တွေကို အကန့်အသတ်ဘောင်တွေထဲက ထိုးဖောက် ရှင်သန်နိုင်ပါတယ်။ တကယ်တော့ဒီဘောင်တွေရှိနေလို့သာ ဒီလိုကျော်ဖြတ်ဖို့ဖြစ်လာတာပါ။ ဘောင်တွေဆိုတာက အရှိတရားရဲ့ အဆုံးသတ်တွေဖြစ်နေပေမယ့် အိပ်မက်တွေ၊ စိတ်ကူးတွေရဲ့ အစပြုရာလည်းဖြစ်နေပါသေးတယ်။
ဒါကြောင့် ဒီနေ့အဖို့ ရှင်တို့ကို ကျွန်မ စိန်ခေါ်ချင်တာကတော့ အကန့်အသတ်ဘောင်တွေကို အနှုတ်လက္ခဏာအဖြစ်၊ အဆိုးမမြင်ကြပဲ ဒါတွေကို လက်ဆောင်မွန်တွေအဖြစ် မြင်ကြည့်ကြဖို့ပါပဲ။ အင်မတန်ကောင်းတဲ့ လက်ဆောင်တွေမို့လို့ ကျွန်မတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို ထွန်းညှိနိုင်ပြီး ကျွန်မတို့ကို မျှော်မှန်းထားတာထက်ပိုခရီးရောက်အောင် ကူညီနိုင်ပါတယ်။ ဒါဟာ ဘောင်တွေကို ဖျက်ဆီးရမယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ဘောင်တွေကို တွန်းဖယ်ကြည့်တဲ့အခါ ဘယ်လောက်အံ့သြစရာကောင်းတာတွေကို မြင်ရသလဲ ဆိုတာ တွေ့ရပါလိမ့်မယ်။
ဘာသာပြန်သူ - သန္တာဝင်း
( အေမီ ပြိုင်ပွဲမှာ က နေတဲ့ ဗီဒီယို အပိုင်းလေးတွေကို ကြည့်ပါဦး။ ဘယ်လောက်လှသလဲလို့။ )
ကိုးကား။
Living beyond limits – Amy Purdy https://www.youtube.com/watch?v=N2QZM7azGoA
Dancing with Stars – First week https://www.youtube.com/watch?v=1JtNvidSmQo
Dancing with Stars – Second week https://www.youtube.com/watch?v=bdnVd7E78g8
Dancing with Stars – Third week https://www.youtube.com/watch?v=GPkFdlck0Os1 Amy Purdy & Derek - Cha Cha - DWTS 18 (Opening Night)
0 comments:
Post a Comment