Monday, August 19, 2013

စစ်ကိုင်းမြို့ လေးကျွန်းမာရ်အောင်စေတီတော် ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင် မင်္ဂလာအခမ်းအနားကျင်းပ

နပြည်တော် သြဂုတ် ၁၈

စစ်ကိုင်းမြို့ သောတာပန်ရပ်၌ အင်းဝခေတ် တနင်္ဂနွေမင်းက မြန်မာသက္ကရာဇ် ၁ဝ၈၆ ခုနှစ်တွင် တည်ထား ကိုးကွယ် ခဲ့သည့် လေးကျွန်းမာရ်အောင် စေတီတော်မြတ်ကြီး ရွှေထီး တော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ကျင်းပသည်။

မင်္ဂလာအခမ်းအနားသို့ စစ်ကိုင်းမြို့ ဇေယျာသိန် ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပညာသီရိ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် စစ်ကိုင်းမြို့ မဟာသုဗောဓာ ရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသနှင့် ပဋိပတ္တိမဟာဌာနမှူး ဓမ္မဒူတဆရာတော် ပါမောက္ခဒေါက်တာ အရှင် ဆေကိန္ဒတို့ အမှူးပြုသော စစ်ကိုင်းမြို့မှ ဆရာတော်၊ သံဃာတော်များ ကြွရောက်တော် မူကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်ကြည်၊ ဦးစိုးမောင်၊ ဦးလှထွန်း၊ ဦးဝင်းမြင့်နှင့် ဒေါက်တာ ဖေသက်ခင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် ဦးရဲမြင့်၊ တိုင်းမှူးများ၊ တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့ရှိ အရုဏ်တော် အသင်းများမှ အသင်းဝင်များ၊ ဖိတ်ကြားထားသူများနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ စစ်ကိုင်းမြို့ ဇေယျာသိန် ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီးထံမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက် တည်ကြသည်။

ထို့နောက် ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြပြီး နိုင်ငံတော်သမ္မတက စိန်ဖူးတော်၊ ဗုဒ္ဓစွယ်တော်ပွားနှင့် လှူဖွယ်ပစ္စည်း များကို ဆရာတော်ကြီးထံ ဆက်ကပ်သည်။

ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများ၊ စေတီတော် ဂေါပက အဖွဲ့ဝင်များက ငှက်မြတ်နားတော်၊ ရတနာပစ္စည်းများနှင့် လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ထံမှ နိုင်ငံတော်သမ္မတ အမှူးပြုသော ပရိသတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့ဝင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့် တို့ကို ပင့်ဆောင်ကြပြီး စေတီတော်အထွတ်သို့ တင်လှူပူဇော် ကြသည်။

ဆက်လက်၍ စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်သည်။

ထို့နောက် ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေ ကဇာ တင်တော်မူကြသည်။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက် က လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ်ကြောင့် မန္တလေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စေတီပုထိုးများ ပျက်စီးယိုယွင်းခဲ့သည်။ ထို့အတွက် ပြည်ထောင်စုအစိုးရ ၊ တိုင်း ဒေသကြီး အစိုးရနှင့် ပြည်သူများက ပျက်စီးယိုယွင်းသွားသော စေတီပုထိုးများကို အသစ်တစ်ဖန်ပြုပြင်ရန်စီမံဆောင်ရွက်ခဲ့သည်။ ဥာဏ်တော်အမြင့် ၁၂၂ ပေရှိ လေးကျွန်းမာရ် အောင် စေတီတော် မြတ်ကြီးသည်လည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်။

ယခုအခါ ဓမ္မဒူတဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဆေကိန္ဒ အမှူးပြုသော အလှူ ရှင်များ၊ ရပ်ကွက်နေ ပြည်သူများက စေတီတော်မြတ်ကြီးကို ပြန်လည်မွမ်းမံပြုပြင်ပြီးစီးခဲ့သဖြင့် ရွှေထီးတော်တင် မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် နေပြည်တော်မှ မန္တလေးမြို့သို့ ရောက်ရှိကြပြီး ညပိုင်းတွင်မဟာမုနိ ရုပ်ရှင်တော်မြတ်ကို သွားရောက်ဖူးမြော် ကြည်ညိုကာ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...