Wednesday, September 25, 2013

မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှားဝေါလ်နှင့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းများတွင် ရက်လွန်ဆေးဝါးများ၊ လိုင်စင်ခွင့်ပြုချက် မပါသည့် ပုံနှိပ်ဆက်စပ် ပစ္စည်းများ ဖမ်းမိ

Created on Tuesday, 24 September 2013

ရန်ကုန်မြို့၏ အဓိက ဆိပ်ကမ်းတစ်ခုဖြစ်သော ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို တွေ့ရစဉ်

မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှားဝေါလ်နှင့် ဗိုလ်အောင်ကျော် ကုန်သေတ္တာစစ်ဆေးရေး စခန်းများတွင် ရက်လွန်ဆေးဝါးများ၊ လိုင်စင်ခွင့်ပြုချက်အတွင်း မပါဝင်သည့် ပုံနှိပ်ဆက်စပ် ပစ္စည်းများအား အကောက်ခွန် ဦးစီးဌာနမှ ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

စက်တင်ဘာ ၁၆ ရက်က ဗိုလ်အောင်ကျော် ကုန်သေတ္တာ စစ်ဆေးရေးစခန်း (BSW) နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) တို့၌ ရက်လွန်ဆေးဝါးများ၊ လိုင်စင်ခွင့်ပြုအတွင်း မပါဝင်သည့် မော်တော်ကား ထိုင်ခုံများ၊ ခုတင်နှင့် အိပ်ရာများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည့် ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးမှာ ကျပ် ၁၂ သိန်းကျော်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၇ ရက်ကလည်း အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း (AWPT) တွင် လိုင်စင်ခွင့်ပြုချက်အတွင်း မပါဝင်သည့် ခန့်မှန်းတန်ဖိုး ကျပ် ၁၃ သိန်းခန့်ရှိ ပုံနှိပ်ဆက်စပ် ပစ္စည်းများ စိစစ်တွေ့ရှိရသဖြင့် အကောက်ခွန် ဦးစီးဌာနမှ တားဆီးအရေးယူ ခဲ့ရကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ စက်တင်ဘာ ၁၀ ရက်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မပါရှိဘဲ တင်သွင်းလာသည့် အကောက်ခွန်မဲ့ ပစ္စည်းများအား စိစစ်ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

လေဆိပ်တွင် ဖမ်းဆီးရမိသည့် အကောက်ခွန်မဲ့ ပစ္စည်းများမှာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၈၀ ခန့်ရှိ အလှကုန် ပစ္စည်းများ၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀ ခန့်ရှိ ကျန်းမာရေး ဖြည့်စွက်အစာများဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ ၁ ရက်မှ ၁၈ ရက်အထိ ဖုန်းဟန်းဆက်များ၊ ဆေးဝါးများ၊ ကင်မရာများ အပါအ၀င် စုစုပေါင်း အမှုတွဲရှစ်မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၂၂၃ သိန်းခန့်အား အကောက်ခွန် ဦးစီးဌာနမှ ဖော်ထုတ်တားဆီးနိုင်ခဲ့ပြီး အကောက်ခွန် ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် ဧပြီမှ သြဂုတ်လအထိ ငါးလတာ ကာလအတွင်း ရန်ကုန်လေဆိပ်၊ ရေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များမှ အကောက်ခွန်မဲ့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ ခန့်မှန်းတန်ဖိုး ကျပ်သန်း ၁၆၀၀ ကျော်ရှိ အကောက်ခွန်မဲ့ ပစ္စည်းများကို တားဆီးနိုင်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်ထားမှုများအရ သိရသည်။

ဧပြီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရန်ကုန်လေဆိပ်နှင့် ရေဆိပ်များတွင် ဖမ်းဆီးရမိမှု အနေဖြင့် အမှုတွဲ ၁၅၁ မှုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၇၈၅၁ ဒသမ ၁ သိန်းရှိပြီး နယ်စပ်ဝင်ပေါက်များမှ စုစုပေါင်း အမှုတွဲ ၁၁၄ မှု ခန့်မှန်းတန်ဖိုး ကျပ် ၈၄၇၃ ဒသမ ၅ သိန်း ရှိသဖြင့် စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၁၆၃၂၄ ဒသမ ၆ သိန်း(ကျပ်သန်း ၁၆၀၀ ကျော်)ရှိကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်သယ်ဆောင်မှုများကို အကောက်ခွန်ဦးစီးဌာနမှ ဖမ်းဆီးအရေးယူ နေသကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများ ပါဝင်ဖွဲ့စည်းထားသည့် တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှု တားဆီးရေးအဖွဲ့ (Mobile Team) များကလည်း ကုန်သွယ်ရေး လမ်းကြောင်းများတွင် တရားမ၀င် ကုန်သွယ်မှု လျော့နည်းစေရန် ပညာပေး အရေးယူမှုများ ပြုလုပ်နေကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...