Wednesday, September 25, 2013

ဦးပိုင်မှ တည်ဆောက်မည့် ရေနံချက် စက်ရုံအား ဒေသခံများက မလိုလားကြောင်း ပြသသည့် အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ချမှတ်ထားသော မူဝါဒလေးရပ်ပါ ဗီနိုင်းပိုစတာ ချိတ်ဆွဲ

Created on Wednesday, 25 September 2013


မူဝါဒလေးရပ်ပါ ဗီနိုင်းပိုစတာအား စိုက်ထူထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့အနီးတွင် ဦးပိုင်လီမိတက်မှ တည်ဆောက်ရန် စီစဉ်နေသည့် ရေနံချက်စက်ရုံ စီမံကိန်း ဧရိယာအတွင်းရှိ ရင်းဘုတ်ကျေးရွာတွင် စီမံကိန်း ဧရိယာ အနီးဝန်းကျင်မှ ဒေသခံများက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ချမှတ်ထားသော မူဝါဒလေးရပ်ပါ ဗီနိုင်းပိုစတာအား ချိတ်ဆွဲပြီး သမ္မတ၏ မိန့်ခွန်းအပေါ် လေးစားလိုက်နာကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မည့် ရေနံချက်စက်ရုံ စီမံကိန်းကို မလိုလားကြောင်း ပြသခဲ့သည်ဟု သတင်းရရှိသည်။ ၎င်းအခမ်းအနားကို စက်တင်ဘာ ၂၄ ရက် နံနက် ၈ နာရီတွင် ညင်းမော်ကျေးရွာ တိုက်ကျောင်း၌ စီမံကိန်း တည်ဆောက်မည့် အနီးရှိ ကျေးရွာများမှ ဒေသခံရွာသားများနှင့် ဘုန်းတော်ကြီးများ အင်အား ၃၀၀ ခန့် စုဝေးခဲ့ပြီး ထိုမှတစ်ဆင့် စီမံကိန်း တည်ဆောက်ရန်အတွက် ရွှေ့ပြောင်းပေးရမည့် ရင်းဘုတ်ရွာသို့ ချီတက်ကာ ရွာအ၀င်လမ်းဆုံ၌ ဗီနိုင်းပိုစတာကို ချိတ်ဆွဲ၍ တက်ရောက်လာသည့် ဆရာတော်များထံမှ သြ၀ါဒများ နာကြားကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများအား လေးသွန်းခံကျောင်းတိုက် ဆရာတော်က မိန့်ကြားရာတွင် "ဦးဇင်းဆီကို ဦးပိုင်က တာဝန်ရှိသူတွေ လာခဲ့တုန်းက ဘာပြောခဲ့သလဲဆိုရင် သူတို့လုပ်မယ့် စက်ရုံထဲမှာ အလုပ်လုပ်မယ့် သူတွေက လူတွေပါ ဘုရား။ စက်ရုပ်တွေ မဟုတ်ပါဘူးတဲ့။ ဆိုလိုချင်တာက သူတို့စက်ရုံက ထွက်လာတဲ့ အဆိပ်ဓာတ်ငွေ့တွေကြောင့် လူတွေသေမယ်ဆိုရင် စက်ရုံထဲမှာ လုပ်နေတဲ့သူတွေ အရင်သေမယ် ပြောတာပါ။ ဦးဇင်းဆီမှာ သူပြောတဲ့ နိုင်ငံက အစိုးရနဲ့ ပတ်ဝန်းကျင် သမားတွေကိုယ်တိုင် လေ့လာပြီးတော့ စက်ရုံထဲက လုပ်သားဘယ်နှယောက်မှာ အသက်ရှူ လမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေ ရနေတယ်ဆိုတဲ့ စစ်ဆေးချက် အဖြေတွေ ဦးဇင်းမှာ ရှိတယ်။ ရေနံချက် စက်ရုံရှိတဲ့ နေရာတွေက မရှိတဲ့နေရာထက် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ သွေးကင်ဆာတွေ ဖြစ်ပွားမှု ရာခိုင်နှုန်း ပိုများနေတယ်လို့ စစ်တမ်းတွေက ပြနေပါတယ်။ နောက်ပြီး အခုကုမ္ပဏီကနေ ဒေသခံ ကိုယ်စားလှယ်ဆိုပြီး တရုတ်က ရေနံချက် စက်ရုံတွေကို လေ့လာဖို့ ရွာကလူတချို့ကို ခေါ်သွားတယ်။ သူတို့ ခေါ်သွားတဲ့ လူတွေက ရွာသားတွေ ထောက်ခံလို့ လိုက်သွားတာ မဟုတ်ဘူး။ ဒီက ရွာသားတွေကလည်း သဘောမတူဘူး၊ ရွာကိုလည်း ကိုယ်စားမပြုပါဘူး။ သူတို့ သဘောနဲ့ လိုက်သွားတာ။ အခုက စီမံကိန်းနဲ့ ပတ်သက်ပြီး ရွာသားတွေထဲမှာ အမြင်နှစ်မျိုး ဖြစ်နေကြတယ်။ အချို့ကလည်း စီမံကိန်းကို လက်ခံတယ်။ အချို့ကလည်း လက်မခံဘူး။ လက်ခံတဲ့သူတွေက လျော်ကြေးငွေကို မက်နေကြတာပါ။ ငွေတစ်ခုတည်း ကြည့်လို့မရပါဘူး။ ကိုယ့်ဒေသမှာ ဘာတွေဆိုးကျိုး ဖြစ်မယ်ဆိုတာ ကြည့်ရမှာပါ။ အခုလည်း ဒီစက်ရုံကို မဆောက်ပါနဲ့လို့ ကန့်ကွက်နေတာ မဟုတ်ဘူး။ ဘယ်လောက်ပဲ နည်းပညာတွေ ကောင်းကောင်း ဒီစက်ရုံကို လူတွေနဲ့ နီးနီးနားနား မဆောက်ဘဲနဲ့ ဝေးတဲ့နေရာမှာ သွားဆောက်စေချင်တယ်။ နိုင်ငံတော် တိုးတက်ဖို့ဆိုရင် နိုင်ငံသားတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုတယ်။ နိုင်ငံသားတွေ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့ စက်ရုံကြီးတွေ ဟည်းနေအောင် ဆောက်ထားလည်း အလကားပဲ။ စက်ရုံတွေဆောက်ရင် ချမ်းသာမယ်တဲ့။ လူမချမ်းသာရင် နေပါစေ၊ ရောဂါကင်းကင်းနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နေရရင် တော်ပါပြီ။ ရွာသားတွေ အနေနဲ့လည်း ကိုယ့်ဒေသကို ထိန်းသိမ်းဖို့ စည်းစည်းလုံးလုံး နေကြစေချင်တယ်" ဟု လေးသွန်းခံ ဆရာတော်က မိန့်ကြားခဲ့သည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ချမှတ်ထားသော မူဝါဒ လေးရပ်တွင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ကာကွယ်ရန်၊ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်သော ရင်းနှီးမြှုပ်နှံမှုကိုသာ ခွင့်ပြုရန်ဆိုသည့် အချက်လေးချက် ပါဝင်ပြီး ဒေသခံများ အနေဖြင့် နိုင်ငံတော် သမ္မတကြီး၏ မိန့်ခွန်းအား ထောက်ခံ၍ စီမံကိန်း တည်ဆောက်မည့် သူများမှ လေးစားလိုက်နာကြရန် ရည်ရွယ်ချိတ်ဆွဲ ရခြင်းဖြစ်ကြောင်း သိရသည်။

ဦးပိုင်လီမိတက်က တည်ဆောက်မည့် ယင်းရေနံချက်စက်ရုံ စီမံကိန်းတွင် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် GDZR(Guangdong Zhenrong Energy Co;Ltd) မှ ရာခိုင်နှုန်း ၇၀၊ ဦးပိုင်လီမိတက်မှ ရာခိုင်နှုန်း ၂၀ နှင့် ထူးကုမ္ပဏီများ အုပ်စုမှ ၁၀ ရာခိုင်နှုန်း အသီးသီး ရှယ်ယာများ ပါဝင်ကာ Joint-Venture ကုမ္ပဏီ တစ်ခုအဖြစ် ပူးတွဲတည်ထောင် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ စက်ရုံမှ တစ်နှစ်လျှင် ရေနံတန်ချိန် ငါးသန်းခန့် ချက်လုပ်မည်ဖြစ်ပြီး လိုအပ်သော ရေနံစိမ်းကို အရှေ့အလယ်ပိုင်း ဒေသမှ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ ရေနံစိမ်းများ တင်သွင်းရန်အတွက် ညင်းမော်ရွာ အနောက်ဘက်ရှိ တီစစ်နှင့် စမ်းလှမ်းကမ်းခြေများတွင် ရေနံတင် သင်္ဘောများ ဆိုက်ကပ်နိုင်ရန် ဆိပ်ခံတံတားများ ဆောက်လုပ်မည်ဖြစ်ကာ ရေနံယိုဖိတ်မှုများနှင့် နှစ်စဉ်စက်ရုံမှ ထွက်ရှိလာမည့် တန်ချိန် ၂၅၀၀၀ ခန့်ရှိ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...