Saturday, September 14, 2013

CPI ကုမ္ပဏီ၏ ချီဖွေငယ် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ကချင်ပြည်နယ်သို့ ယခုနှစ်မကုန်မီ ဓာတ်အား စတင်ရောင်းချမည်

 Created on Saturday, 14 September 2013


ချီဖွေငယ် လျှပ်စစ် ဓာတ်အားပေးစက်ရုံအား တွေ့ရစဉ်(ဓာတ်ပုံ-ထွန်းလင်းအောင်)

CPI ကုမ္ပဏီ၏ ချီဖွေငယ် လျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားများကို ကချင်ပြည်နယ်သို့ ယခုနှစ် မကုန်မီ စတင်ရောင်းချမည်ဟု သတင်းရရှိသည်။

ချီဖွေငယ် လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ၃၃ ဒသမ ၃ မီဂါဝပ် စက်သုံးလုံး တပ်ဆင်ထားပြီး မီဂါဝပ် ၉၉ ဒသမ ၉ မီဂါဝပ် ထုတ်လုပ်နိုင်ကာ ပထမတစ်လုံးကို အောက်တိုဘာလ မကုန်မီ စတင်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ် လျှပ်စစ်မန်နေဂျာ ဦးသန်းတင့်က''မြစ်ကြီးနားနဲ့ ၀ိုင်းမော်ကို ဖြန့်ဖို့က သေချာတယ်။ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲစစ်ရုံတွေ ပြီးနေပြီ။ ဘူးဂါးကုမ္ပဏီကပဲ ဖြန့်ဖြူးမှာပါ။ဈေးနှုန်းကတော့ မသတ်မှတ်ကြသေးဘူး။ ဓာတ်အားလိုင်းကတော့ မိုးကောင်းမှာ မဟာ ဓာတ်အားလိုင်းနဲ့ ဆုံမယ်။ စက်ခုသုံးလုံး လည်ပတ်သွားဖို့ရှိတယ်။ ပြည်ထောင်စုအဆင့် ဘယ်လိုသဘောတူညီချက် လုပ်သလဲဆိုတာတော့ မသိဘူး''ဟု The Daily Eleven သို့ ပြောကြားသည်။

CPI ကုမ္ပဏီသည် ၎င်းရေအားလျှပ်စစ် ဓာတ်အားကို မြစ်ဆုံစီမံကိန်းတွင် သုံးရန် ဆည်ခုနစ်ခုအနက် ပထမဆုံးတည်ဆောက်ခဲ့သော ဆည်ဖြစ်သည်။
၎င်းဓာတ်အားပေးစက်ရုံသည် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြင်းထန်နေချိန် ၂၀၁၂ ခုနှစ်အတွင်း စက်ရုံအတွင်း ပိုင်း အစိတ်အပိုင်းအချို့နှင် ဓာတ်အားလိုင်းများ ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ချီဖွေငယ်မှ လျပ်စစ်ဓာတ်အားကို ဖြန့်ဖြူးနိုင်ရန်အတွက် ချီဖွေ-၀ါရှောင်-မြစ်ဆုံ ဓာတ်အားလိုင်းမှ ခွဲထွက်ပြီး ချီဖွေ-၀ါရှောင်-၀ိုင်းမော်သို့ 132 kv ဓာတ်အားလိုင်း ဆက်သွယ်ထားပြီး ၀ိုင်းမော်မြို့တွင် 132 /66 kv ဓာတ်အားခွဲ တည်ဆောက်ထားပြီး မြစ်ကြီးနားမြို့တွင် 66/11 kv ဓာတ်အားခွဲ စက်ရုံကို တည်ဆောက်ထားပြီးဖြစ်သည်။ ချီဖွေငယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ''ဘူးဂါးကုမ္ပဏီက ငါးမီဂါဝပ်လိုနေတာ ကျွန်တော်တို့က CPI နဲ့ ပြောထားပြီ။ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်ပြီလို့ ပြောတာကို သူတို့ဘက်က တွန့်ဆုတ်နေတယ်။ ယခုတော့ ဒီဇင်ဘာ မတိုင်ခင် ပြီးစေရမယ်လို့ ကတိပေးသွားတယ်'' ဟု ၀ိုင်းမော်မြို့ ဒေသခံများက လျှပ်စစ်မီးလိုအပ်ချက် တောင်းဆိုမှုကို ဖြေကြားခဲ့သည်။
ဘူးဂါးကုမ္ပဏီ ဖြန့်ဖြူးရေးမန်နေဂျာ ဦးလအောင်က ''ကျွန်တော်တို့ကတော့ မသိရသေးဘူး။ အစီအစဉ်လည်း မရှိသေးဘူး။အပြင်မှာ ပြောနေကြပေမယ့် တိကျတဲ့ညွှန်ကြားချက်တော့ မရှိသေးဘူး။ လူကြီးပိုင်းတွေ ညှိနှိုင်းဦးမယ်ထင်တယ်။ နွေရာသီမှာတော့ လိုအပ်တာ များတာပေါ့'' ဟု ဆိုသည်။

မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့များသို့ ကေအိုင်အေပိုင် မလိရေအားလျှပ်စစ်ရုံမှ ဖြန့်ဖြူးနေခြင်းဖြစ်ပြီး နှစ်မြို့ပေါင်း ၁၅ မီဂါဝပ် လိုအပ်သော်လည်း ယင်းစက်ရုံမှ ၁၀ မီဂါဝပ်သာ ရရှိကြောင့် လိုအပ်သော ငါးမီဂါဝပ်ကို အလှည့်ကျစနစ်ဖြင့် ထောက်ပံ့နေရသည်။ ကချင်ပြည်နယ်တွင် ပူတာအိုခရိုင်နှင့် တနိုင်း၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် စသည့် မြို့နယ်များမှာ လျှပ်စစ်ဓာတ်အား မရရှိသေးပေ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...