Saturday, September 14, 2013

ခြောက်လမ်းသွားလမ်းမများနှင့် လမ်းမကြီးများပေါ် စည်းကမ်းမဲ့ရပ်နားသည့်ယာဉ်များကို မော်တော်ယာဉ်နည်းဥပဒေအပြင် စီမံချက်ဒဏ်ငွေဖြင့် အရေးယူမည်

Created on Saturday, 14 September 2013


ဗညားဒလလမ်းတွင် စည်းကမ်းမဲ့ရပ်ထားသော ယာဉ်များနှင့် ယာဉ်ပိတ်ဆို့မှုကို စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိကလမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားနေသည့် ယာဉ်များကို မော်တော်ယာဉ်နည်းဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ရဲမှူးသာဌေးက စက်တင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ရပ်နားနေသည့် ယာဉ်များကို (၁၉၆၄) ခုနှစ် မော်တော်ယာဉ်နည်းဥပဒေဖြင့် အရေးယူသွားမည့်အပြင် စီမံချက်ဒဏ်ငွေဖြင့်လည်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်လမ်းတစ်လျောက်၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန် လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့/အနောက်ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းယားလမ်း၊ ဓမ္မာစေတီလမ်း၊ ဗားကရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်းလမ်းနှင့် အောက်ပုဇွန်တောင် လမ်းမကြီးတို့တွင် ယာဉ်များခေတ္တရပ်နား ခြင်းမှအပ ရပ်နားခြင်း မပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ကြေညာထားကြောင်း သိရသည်။

''အခု ရန်ကုန်မြို့အတွင်းမှာရှိတဲ့ လမ်းပေါင်း ၂၆ လမ်းမှာ ယာဉ်တွေရပ်နားခြင်း မလုပ်ဖို့ ကြေညာထားပြီးဖြစ်တယ်။ အခုလည်း နှစ်ပတ်ကာလအတွင်းမှာ ပညာပေး ဆောင်ရွက်နေတယ်။ပညာပေးကာလ ကျော်လွန်သွားရင်တော့ မော်တော်ယာဉ်ဥပဒေနဲ့ရော စီမံချက်ဒဏ်ငွေနဲ့လည်း အရေးယူသွားမယ်။ စည်းကမ်းမဲ့ ရပ်နေတဲ့ယာဉ်တွေကို ကရိန်းနဲ့ဆွဲပြီး အရေးယူဖို့အတွက် ပြည်ပကနေ ကရိန်းတွေလည်း မှာယူထားပါတယ်'' ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ရဲမှူး သာဌေးက စက်တင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။ အဆိုပါ လမ်းမကြီးများပေါ်ရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသည်တင်ယာဉ်များအနေဖြင့် ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်းနှင့် ခရီးသည်တင်ယာဉ်လိုင်းအချို့မှ ယာဉ်များကို လမ်းမများပေါ်တွင် ညအိပ်ရပ်နားသည့်အတွက် ယာဉ်မတော်တဆမှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ သတင်းရရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...