Friday, September 13, 2013

RAYTHEON ကုမ္ပဏီမှ ၁၂ဝ မီလီမီတာ အဆင့်မြင့် ခဲယမ်းများအား ထုတ်လုပ်ရန် စီစဉ် ဆောင်ရွက်နေခြင်း





အမေရိကန် မရိန်းတပ်ဖွဲ့တွင် တာဝေးပစ် ၁၂ဝ မီလီမီတာ ပဲ့ထိန်းခဲယမ်း အမျိုးအစား အသစ်များ တပ်ဆင် အသုံးပြုနိုင်ရန် အတွက် ယင်းခဲယမ်းနှင့် ပတ်သက်သော ဒီဇိုင်းပုံစံ၊ တီထွင် ထုတ်လုပ်မှုနှင့် သရုပ်ပြ ပစ်ခတ်မှုနှင့် ပတ်သက်သော လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Raytheon ကုမ္ပဏီအား ရွေးချယ်ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ဖော် ကြေညာခဲ့ပါသည်။


တပ်ဖွဲ့အတွင်း အသစ် ထုတ်လုပ်မည့် ၁၂ဝ မီလီမီတာ ကွာဝေးမြှင့်ကျည် Precision Extended Range Munition(PERM) အား M327 ပြောင်းရစ်ပါ ယာဉ်ဆွဲစိန်ပြောင်း Rifled Towed Mortor(RTM) တွင် အသုံးပြု ပစ်ခတ်သွားရန် စီစဉ် ဆောင်ရွက် ထားပါသည်။ M327 ယာဉ်ဆွဲစိန်ပြောင်းမှာ TDA Armements SAS (မူလအမည် Thomson Brandt ) ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ပြီး အမေရိကန် တပ်ဖွဲ့၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက် ပြောင်းရစ်ပါ ၁၂ဝ မီလီမီတာ ယာဉ်ဆွဲစိန်ပြောင်း၊ Model F1 ၊ MO-120 RT 61 အမျိုးအစား တို့အား အဆင့်ဆင့် ပြောင်းလဲ ထုတ်လုပ်ခဲ့ပါသည်။ M327 ယာဉ်ဆွဲ စိန်ပြောင်းသည် Expeditionary Fire Support System(EFSS) စနစ်၏ အဓိက လက်နက် ၁ ခုလည်း ဖြစ်ပါသည်။

EFSS စနစ်တွင် ယာဉ်ဆွဲစိန်ပြောင်း၊ ကျည်သယ် နောက်တွဲယာဉ်၊ မရိန်း တပ်ဖွဲ့ဝင် ၅ ဦး၊ ၁၂ဝ မီလီမီတာကျည် ၂၅ (သို့မဟုတ်) ၃ဝ တောင့်နှင့် ပစ်ခတ်မှု ထိန်းသိမ်းရေး စနစ်တို့ ပါဝင်မည် ဖြစ်ပြီး ခြေလျင် တပ်ဖွဲ့များအား လျင်မြန်စွာ သွယ်ဝိုက် ပစ်ခတ်၍ ပစ်ကူ ပေးနိုင်မည် ဖြစ်ပါသည်။ EFSS စနစ် များအား အမေရိကန် မရိန်းတပ်ဖွဲ့တွင် ၂ဝဝ၉ ခုနှစ်မှ စတင်၍ တပ်ဆင် အသုံးပြုခဲ့ပြီး CH-53 ရဟတ်ယာဉ်များ၊ MV-22B Osprey လေယာဉ်များနှင့်လည်း သယ်ယူ ပို့ဆောင်နိုင်ရန် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသော လက်နက်စနစ် (၁)မျိုးလည်း ဖြစ်ပါသည်။

လက်ရှိ အသုံးပြုလျက် ရှိသော EFSS စနစ်သုံး စိန်ပြောင်းများ၏ ထိရောက်မှု အကွာအဝေးမှာ ၈ ကီလိုမီတာ ဖြစ်ပါသည်။ PERM ခဲယမ်းများအား အသုံးပြုမည် ဆိုပါက လက်ရှိ အသုံးပြုနေသည့် ၁၂ဝ မီလီမီတာ ခဲယမ်းများ၏ ထိရောက်မှု အကွာအဝေးထက် ပိုမို ရောက်ရှိမည် ဖြစ်ပြီး ရန်သူ့ အမြောက်စခန်း၊ ကွပ်ကဲ ထိန်းချုပ်မှု နေရာများနှင့် လက်ရှိ စိန်ပြောင်းများ ပစ်ခတ်ရန် အလှမ်းမမီသော ပစ်မှတ် နေရာများအား ပစ်ခတ် ချေမှုန်းနိုင်မည် ဖြစ်ပါသည်။ အားမြှင့် ခွင်းကျည်ဖြင့် စွမ်းအားကုန် အကွာအဝေး ၂ဝ ကီလိုမီတာ အထိ ရောက်ရှိ ပစ်ခတ်ရန် ရည်ရွယ်ခဲ့သော်လည်း ၁၆ ကီလိုမီတာ အထိသာ ရောက်ရှိ ခဲ့ပါသည်။ ထို့ကြောင့် အနီးဆုံး အကွာအဝေးအား ပျမ်းမျှတွက်ချက် ကြည့်ပါက ၁၂ ကီလိုမီတာနှင့် ၈ ကီလိုမီတာ အသီးသီး ရှိမည် ဖြစ်ပါသည်။



ယင်းကျည် အမျိုးအစားအား ပစ်ခတ်ရာတွင် စက်ဝန်းပုံမှား တန်ချက် အကွာအဝေး အနည်းဆုံး ၂ဝ မီတာ ရှိရမည်ဖြစ်ပြီး ၁ဝ မီတာသာ ရှိပါက ပိုမိုသင့်တော်မည် ဖြစ်ပါသည်။ PERM ခဲယမ်းသည် လက်ရှိ အသုံးပြုလျက် ရှိသည့် Insensitive Munitions(IM)ခဲယမ်း အမျိုးအစား ၁၂ဝ မီလီမီတာ TDA PR14 HE ခဲယမ်းပုံစံကွဲ တစ်မျိုးဖြစ်သော M101 HE ခဲယမ်း၏ ထိရောက်မှု စွမ်းရည်နှင့် တူညီမှု ရှိသည်ဟု သုံးသပ် နိုင်ပါသည်။ ထိရောက်မှု စွမ်းရည် ၈ဝ ရာခိုင်နှုန်းသည် လက်ခံနိုင်ဖွယ် ရှိသော အနေအထားလည်း ဖြစ်ပါသည်။ PERM ခဲယမ်း၏ အလေးချိန်မှာ ကွန်တိန်နာဖြင့် ထုပ်ပိုးထားချိန်တွင် ၆၄ ပေါင် (၂၉ ကီလိုဂရမ်)ထက် နည်းမည် ဖြစ်ပါသည်။

Raytheon ကုမ္ပဏီထုတ် PERM ခဲယမ်း၏ ဒီဇိုင်းပုံစံသည် ATK ကုမ္ပဏီနှင့် General Dynamics Ordnance and Tactical System ကုမ္ပဏီတို့မှ ထုတ်လုပ်သော ခဲယမ်း အမျိုးအစားများနှင့် အပြိုင်အဆိုင် ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ Raytheon ကုမ္ပဏီသည် အမေရိကန် မရိန်းတပ်ဖွဲ့၏ ၂ဝ၁၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြုလုပ်မည့် စမ်းသပ် ပစ်ခတ်စဉ်နှင့် PERM ခဲယမ်း ထုတ်လုပ်ရေး အစီအစဉ်များအား အစ္စရေး စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

PERM ခဲယမ်း ထုတ်လုပ်ရေး အစီအစဉ်၌ ပထမဆုံး စတင်ထုတ်လုပ်မည့် နှစ်တွင် ခဲယမ်း အရေအတွက် ၁ဝဝဝ ထုတ်လုပ်သွားရန် ရည်ရွယ်ထားပြီး နောင်လာမည့် ၂ နှစ် အတွင်း ခဲယမ်း အရေအတွက် ၃ဝဝဝ ပြည့်မီအောင် ထုတ်လုပ်သွားမည် ဖြစ်ပါသည်။ နှစ်စဉ် ထုတ်လုပ်မှုများမှာ ခဲယမ်း ဝယ်ယူလိုသည့် အခြေအနေ အပေါ် မူတည်ပြီး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...