Friday, September 13, 2013

Samsung Galaxy S4



Samsung ရဲ့ အသစ်စက်စက် Galaxy S4 ဟာ ဖုန်းလောကရဲ့ နျူကလီးယားဗုံးပါပဲ။ Full HD 1080p ထွက်ရှိမည့် ၅ လက်မမျက်နှာပြင်၊ Exynos 5 Octa (ပရောစက်ဆာ ၈ လုံး) ၊ 13 MB ကင်မရာ ၊ 2 GB RAM စသည်တို့ ပါဝင်တာကြောင့် လက်ရှိအချိန်မှာ hardware ပိုင်းအရ ပါဝါအမြင့်ဆုံး ဖုန်းတစ်လုံးအဖြစ် Sony Xperia Z နှင့် HTC One တို့နဲ့အတူ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

Hardware ပိုင်းက မျှော်မှန်းထားတဲ့အတိုင်း ပါပဲ။ ဒါပေမယ့် Samsung အနေနဲ့ အားလုံးကို အံအားသင့်သွား စေတာကတော့ ဖုန်းရဲ့ အတွင်းပိုင်းက လုပ်ဆောင်ချက်တွေပါပဲ။ Touchscreen ဖုန်းဆိုတာ ထိတွေ့မှုနဲ့ လုပ်ဆောင်ရတဲ့ ဖုန်းမျိုးပါ။ ဒါကို Samsung က ဆန်းသစ်လိုက်ပြီး မိမိဆောင်ရွက်လိုသည်များကို ဖုန်း၏ မျက်နှာပြင်နှင့် ထိတွေ့စရာမလိုပဲ လုပ်ဆောင်နိုင်ရန် တီထွင်ပြီး Galaxy S IV ကို ထုတ်လုပ်ထားပါတယ်။

ကဲအသေးစိတ်ကို ကြည့်လိုက်ရအောင်။

ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

အမှတ်တမဲ့ ကြည့်လိုက်ရင် တစ်ခုခုနဲ့ ခပ်ဆင်ဆင် တူနေတယ်လို့ ထင်ရပါတယ်။ မှန်ပါတယ်။ ၇.၉ မီလီမီတာ ထူပြီး ၁၃၀ ဂရမ်သာလေးတဲ့ ၅ လက်မ အရွယ် Galaxy S IV ဟာ ၄.၈ လက်မ အရွယ် Galaxy S III နဲ့ မစိုစလောက်လေး ပိုကြီးပြီး ပိုပါးသွားတာကလွဲရင် အမွှာလို့တောင် ဆိုလို့ရပါတယ်။ ပလတ်စတစ်ကိုယ်ထည်ပဲ အသုံးပြုထားတဲ့ ဒီဖုန်းကို သင့်အနေနဲ့ “ငါ့ကိုင်တာ S IV” ဆိုပြီး ကြွားလုံးထုတ်ဖို့တော့ အနည်းငယ် ခက်ပါလိမ့်မယ်။

အပြင်ပိုင် ဒီဇိုင်းအရတော့ HTC One တို့ iPhone 5 တို့နဲ့ ယှဉ်လိုက်ရင် တန်ဖိုးကြီးဖုန်းနဲ့ ကစားစရာဖုန်းလို ကွာခြားလှပါတယ်။ ဒါပေမယ့် ထောင့်တွေကို အနည်းငယ် ချိုးထားပေးလို့ လက်ထဲမှာ ကိုင်တွယ်ရ အဆင်ပြေပါတယ်။ ၅ လက်မ ဖုန်းတွေကို ကြီးတယ်ထင်သူတွေ အဆင်ပြေနိုင်ပါတယ်။

မျက်နှာပြင်ပေါ်မှာ နောက်တစ်ခု ကွာခြားတာကတော့ IR Sensor အသစ်တစ်ခု ပါလာတာပါပဲ။ ဒီ IR Sensor ဟာ Galaxy S IV ရဲ့ ထိတွေ့လှုပ်ရှားမှုနဲ့ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးမယ့် sensor ဖြစ်ပါတယ်။

ကျန်တဲ့ အချက်တွေကတော့ အစောပိုင်းက ပြောခဲ့သလိုပါပဲ 1.7GHz Exynos 5 Octacore processor ၊ 2GB RAM ၊ 13 MB နောက်ကျော ကင်မရာ၊ 2.1 MB ရှေ့ကင်မရာ၊ စွမ်းအားမြင့် 2600mAh ဘက်ထရီတို့ ပါဝင်ပါတယ်။

မျက်နှာပြင်

Galaxy S IV ရဲ့ ၅ လက်မ မျက်နှာပြင်ဟာ 1080p resolution ထွက်ရှိမှာဖြစ်သလို 441 ppi ပုံထွက်နှုန်း ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် HTC One Review မှာ ပြောခဲ့သလိုပါပဲ လူရဲ့ သာမန်မျက်လုံးဟာ ဒီ resolutions တွေကို ခွဲခြားပြီး မမြင်နိုင်ပါဘူး။

ကြည့်ရှုနိုင်တဲ့ angle ကလည်း ကျယ်ပြီး စာဖတ်တဲ့အခါမှာ 1080p မျက်နှာပြင်ဟာ သိသာထင်ရှားလှပါတယ်။ ဝက်ဘ်ဆိုဒ်တွေ သွားရောက်တဲ့အခါမှာလည်း လွန်စွာမှ အမြင်ကြည်လင် ပြတ်သားလှပါတယ်။

အဓိက အကျဆုံးကတော့ ဗီဒီယို ကြည့်တဲ့အခါမှာပါပဲ။ ၅ လက်မ မျက်နှာပြင်မှာ 1080p Full HD နဲ့ ဗီဒီယိုကြည့်ရတာဟာ နှိုင်းယှဉ်ပြောပြစရာ မရှိလောက်အောင် ကောင်းမွန်လှပါတယ်။

ကင်မရာ

HTC One က Ultrapixel ဆိုတာကို စတင်မိတ်ဆက်ခဲ့ပေမယ့် Samsung ကတော့ သာမန်လမ်းစဉ်ကို ဆက်လျှောက်ပြီး Galaxy S IV မှာ 13 MB ကင်မရာကို တပ်ဆင်ပေးခဲ့ပါတယ်။ Resolution ပိုကြီးလာတာ မှန်သလို software ပိုင်း လုပ်ဆောင်ချက် အသစ်တွေလည်း ထည့်သွင်းပေးထားပါတယ်။

Samsung အနေနဲ့ Galaxy S IV ရဲ့ ကင်မရာကို Galaxy Camera ရဲ့ ကောင်းမွန်တဲ့ အချက်တွေနဲ့ မွန်းမံပြီး ထုတ်လုပ်ထားတယ်ဆို မမှားပါဘူး။ Eraser shot ၊ Sound shot ၊ dual video recording တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

ဗီဒီယိုရိုက်ကူးခြင်းမှာ HTC One ထက် များစွာ သာလွန်ပေမယ့် ဓာတ်ပုံပိုင်းမှာတော့ HTC One ရဲ့ အလင်းစွမ်းအားမြင့် Ultrapixel ကင်မရာက နှာတစ်ဖျား သာသွားတယ်လို့ ထင်ပါတယ်။

လှုပ်ရှားမှုဖြင့် ထိန်းချုပ်လုပ်ဆောင်ခြင်း

Samsung Galaxy S4 မှာ အသစ်စက်စက် လုပ်ဆောင်ချက်တွေအဖြစ် Air Gesture နဲ့ Air View တို့ ပါဝင်လာပါတယ်။ ဒီ ၂ ခုဟာ ဘာတွေလဲဆိုရင် ဝက်ဘ်ဆိုဒ်တွေ ၊ ဓာတ်ပုံတွေကို သင်၏လက်အား လှုပ်ရှားရုံဖြင့် ဖုန်းမျက်နှာပြင်အား ထိတွေ့စရာမလိုပဲ ထိန်းချုပ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Air Gesture ကို အသုံးပြုမယ်ဆိုရင် သတ်မှတ်ထားတဲ့ ပုံစံအတိုင်း လက်ကို လှုပ်ရှားရမှာ ဖြစ်ပြီး မျက်နှာပြင် ပိုကြီးတဲ့ tablet များမှာ ပိုပြီးတော့ အသုံးဝင်ပါတယ်။ ဒါပေမယ့် သုံးနေကျသွားတဲ့ အခါမှာတော့ လွန်စွာလွယ်ကူပြီး အသုံးတည့်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ပိုပြီး ထူးခြားတာကတော့ Air View ပါပဲ။ Air View နဲ့ အသုံးတည့်တဲ့ app အနည်းငယ်သာ လက်ရှိအချိန်မှာ ရှိသေးတဲ့အချက်ကတော့ စိတ်မကောင်းစရာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် Air View ကို အသုံးပြုတယ်ဆိုရင် app icon (သို့) နာမည်ပေါ်မှာ လက်ညှိုးကို တင်ထားရုံနဲ့ preview ကြည့်နိုင်မှာ ဖြစ်ပါတယ်။

နိဂုံး

အားလုံးက မျှော်လင့်ထားတဲ့အတိုင်း Galaxy S IV ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ အကောင်းဆုံး ဖုန်းတစ်လုံးဆိုတာ မမှားပါဘူး။ ဒါပေမယ့် မပြောင်းလဲတဲ့ အပြင်ပိုင်း ဒီဇိုင်းနဲ့ ပလတ်စတစ်ကာဗာတို့ကြောင့် အချို့သောသူများက ဝေဖန်မှုများ ရှိနေပေမယ့် ပေါ့ပါးပြီး ကိုင်တွယ်ရ လွယ်ကူခြင်းကလည်း ကောင်းမွန်တဲ့အချက် ဖြစ်နေပြန်ပါတယ်။

Galaxy S IV အဓိက အားသာတဲ့ အချက်တွေကတော့ ဖုန်းရဲ့ အတွင်းပိုင်း လုပ်ဆောင်ချက်တွေဖြစ်ပြီး မြင့်မားတဲ့ပါဝါ၊ ကောင်းမွန်တဲ့ ကင်မရာ၊ ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်နဲ့ ထူးခြားဆန်းသစ်တဲ့ နည်းပညာအသစ်တွေ ထည့်သွင်းထားခြင်းပဲ ဖြစ်ပါတယ်။

Galaxy S IV ဟာ ၂၀၁၃ ရဲ့ အကောင်းဆုံး ဖုန်းတွေထဲမှာ နံပါတ် ၃ အတွင်းဝင်မှာ သေချာပေမယ့် နံပါတ် ၁ နေရာကိုတော့ ရရှိဖို့ မသေချာလှပါဘူး။ ဖုန်းဒီဇိုင်းထက် အတွင်းပိုင်း လုပ်ဆောင်ချက်ကို ပိုပြီးတန်ဖိုးထားတယ် ဆိုရင်တော့ Galaxy S IV ဟာ သင့်အတွက် ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ဘူး ဆိုရင်တော့ ဒီဇိုင်းရော၊ လုပ်ဆောင်ချက်ပါ အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတဲ့ HTC One က ပိုပြီး သာလွန်နေတယ်လို့ ထင်မြင်မိပါတယ်။
---

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...