Friday, September 13, 2013

ခေတ်အဆက်ဆက် အနင်းခံမြက်များတွက်လည်း တစ်ချက်လောက် စောင်းငဲ့ကြည့်ပေးပါဦးခင်ဗျား


သမ္မတကြီးခင်ဗျား

မြောက်ပိုင်းတိုင်းတစ်နေရာက စစ်သည်များကျဆုံးရတဲ့ အကြောင်း သမ္မတကြီးလည်း စိတ်မကောင်းခြင်းကြီးစွာ ကြားပြီးဖြစ်မှာပါ။သမ္မတကြီးအနေနဲ့ အစစအရာရာ သတိကြီးစွာထားပြီး ချဉ်းကပ်ဆောင်ရွက်နေရတဲ့ လက်ရှိအခြေနေမှာ ခုဖြစ်ရပ်က ဆူးကြားကဗူးခါးသဖွယ် အလွန်စိတ်ပျက်ဖွယ်ကောင်းတဲ့ ပြဿနာတစ်ရပ်ဆိုတာ ကိုယ်ချင်းစာမိပါတယ်ခင်ဗျား။

လူတစ်ယောက်တွက်ကိုယ့်တစ်မိသားစုတောင် နိုင်နင်းအောင်မနည်းလုပ်နေရချိန်မှာ သမ္မတကြီးလို တစ်တိုင်းပြည်လုံးမှာရှိတဲ့ ၁၃၅စုသော မိသားစုကြီးကို ဦးစီးနေရသူတစ်ဦးရဲ့ အာဝေနိကတွေကိုလည်း အလွန်စာနာနားလည်မိပါတယ်။
နုနယ်တဲ့ဒီမိုကရေစီစနစ်ကို ရှုထောင့်အဖုံဖုံ ၊ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဦးနင်းဦးထောင်၊ပဲ့နင်းပဲ့ထောင်စမ်းသပ်စိန်ခေါ်နေတဲ့ကနေ့အချိန်ခါမျိုးမှ တော်ရုံ
စိတ်သတ္တိ၊တော်ရုံအသည်း၊တော်ရုံဇွဲနဘဲတွေနဲ့ သမ္မတကြီးလို တည်တည်ငြိမ်ငြိမ်လျှောက်နိုင်ဖို့ရာ အလွန်ခက်ခဲမယ်ဆိုတာလည်း အကြွင်းမဲ့လက်ခံထားပါတယ်။

သမ္မတကြီးခင်ဗျား

ခုဖြစ်ရပ်ဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလမှာ အလွန်အကျည်းတန်သောရက်စက်မှုတစ်ခုကို တစ်ဖက်စောင်းနင်း စတင်ဖောက်ဖျက်ကျူးလွန်လိုက်တဲ့ ကေအိုင်အေ သောင်းကျန်းသူအဖွဲ့ရဲ့ လူမဆန်သောရာဇ၀တ်မှု၊စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကြမ်းဖက်မှုတစ်ခုဖြစ်တယ်လို့ တော်တော်များများက သုံးသပ်နေကြပါတယ်ခင်ဗျာ။

သမ္မတကြီးခင်ဗျား

စစ်သားတစ်ယောက် စစ်မြေပြင်မှာ ကျဆုံးရခြင်းဟာမဆန်းပေမယ့် ဒီလိုမျိုးယုတ်ယုတ်မာမာ ရက်ရက်စက်စက်သတ်ဖြတ်ပြီးတော့ အွန်လိုင်းမှာ ၀ါဒဖြန့်ချိမှုပြုခြင်းဟာ အင်မတန်မှအောက်တန်းကျလှပါတယ်။ကေအိုင်အေအဖွဲ့ရဲ့ လုပ်ရပ်ဟာ တာလီဘန်၊အယ်လ်ခိုင်ဒါအစရှိတဲ့ အကြမ်းဖက်အဖွဲ့များရဲ့ အကြောက်တရားပြညှင်းပန်းသတ်ဖြတ်မှုနဲ့ အလားသဏ္ဌာန်တူပြီး ဂျနီဖာကွန်ဖန်းရှင်းပါအချက်များကိုလည်း ပြောင်ပြောင်တင်းတင်းဆန့်ကျင်ချိုးဖောက်တာပဲဖြစ်ပါတယ်။တပ်မတော်သားတွေဘက်က ဘယ်လောက်ပဲ တိတိကျကျလိုက်နာပါစေငရဲကလာသူကေအိုင်အေတွက်တော့
ပြာပူမကြောက်တော့ပါ။

အဲဒီအတွက် မိအေးနှစ်ခါမက နာရတာဟာလည်း တပ်မတော်သားတွေပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့တိုက်ပွဲစဉ်တွေမှာလည်း ကေအိုင်အေ
ဘက်ကအဆိုပါနည်းလမ်းတွေကိုပဲအကြိမ်ကြိမ်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
တပ်မတော်သားတွေဟာ ပေးအပ်တဲ့အမိန့်နဲ့တာဝန်ကိုတသဝေမတိမ်းစောင့်ထိန်း
ကြရပြီး မည်ကာမတ္တတိုင်းရင်းသားလက်နက်ကိုင်ဖြစ်တဲ့ ကေအိုင်အေဘက်က တရားလက်လွတ် ပြုသမျှ၊နုရတာအလွန်စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။ဓမ္မကို အဓမ္မက စည်းလွတ်ဝါးလွတ်ပြုမူသမျှ လည်စင်းခံနေရတာ အင်မတန်မှ ခံခက်လှစရာကောင်းလှသလို ရှေ့မှာရန်သူ နောက်မှာခုံရုံး အသွေးအသားတွေ ပြုတ်ပြုတ်ပြုန်းနေရတဲ့ သူတို့ဘ၀ဟာ ဆုပ်လည်းစူး၊စားလည်းရူးအဖြစ်မျိုးနဲ့ ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေကြရပါတယ်။ အရင်တိုက်ပွဲစဉ်တွေမှာလည်း သမ္မတကြီးရဲ့ ညွှန်ကြားချက်အတိုင်း သာနေတဲ့စစ်ရေးကို နောက်ဆုတ်ပေးခဲ့သလို ခုခံမှုမှအပ စတင်မပစ်ရဆိုတဲ့အမိန့်အောက်နေ့မြင်ညပျောက်ခဲ့ရသူတွေ အများကြီးရှိခဲ့တာ ကြားသိခဲ့ရပါတယ်ခင်ဗျား။

သမ္မတကြီးခင်ဗျား

ကမ္ဘာမှာ အရှည်ကြာဆုံးဖြစ်တဲ့ ပြည်တွင်းစစ်ကို သမ္မတကြီးနဲ့တကွ ပြည်သူတွေ မနှစ်မြိုကြသလို အသက်နဲ့ရင်းပြီး ကိုယ်တိုင်တိုက်ပွဲဆင်နွှဲနေရတဲ့ တပ်မတော်သားတွေနဲ့တကွ သူတို့ပြန်အလာကို နေ့စဉ်နဲ့အမျှ စိုးရိမ်စွာစောင့်စားနေကြတဲ့ မိသားစုဝင်တွေကလည်း နှစ်မြိုကြမှာမဟုတ်တာ အသေချာပါပဲခင်ဗျာ။ဒါကြောင့်လည်း တပ်မတော်သားတွေဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ဘေးချိတ်ပြီး နာကျည်းစိတ်တွေကို မြိုသိပ်ကာ သမ္မတကြီးတို့ ကောင်းမယ်ထင်လို့စီမံသမျှ လေးစားလိုက်နာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးစကားဝိုင်းတွေက ထွက်ပေါ်လာသမျှရလာဒ်တွေကို
လိုလိုလားလားလက်ခံပြီးတပ်မတော်သားတွေထိန်းချုပ်စောင့်စည်းသမျှဟာ သေမိန့်ကျတဲ့တရားခံလို သေမယ့်က်ကို စောင့်နေရသလိုဖြစ်နေရတာဟာလည်း အလွန်ဝမ်းနည်းဖို့ကောင်းပါတယ်ခင်ဗျား။ဒါဘာကြောင့်လဲဆိုတော့ ကေအိုင်အေ
ဘက်က စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို နှစ်နှစ်ကာကာလိုလားခြင်းမရှိပဲ သဘောတူညီချက်တွေကို အတိအလင်းချိုးဖောက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်ခင်ဗျာ။

သမ္မတကြီးခင်ဗျား

ကေအိုင်အေဟာ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလအတွင်း အဓမ္မလူသစ်စုခြင်း၊ဆက်ကြေးကောက်ခံခြင်း၊တရားမ၀င် သယံဇာတခိုးထုတ်ခြင်း၊နယ်မြေချဲ့ထွင်ခြင်း၊လက်နက်အင်အား ပြန်လည်ဖြည့်တင်းခြင်းတွေ စတိုးလုပ်ဆောင်နေတာ သမ္မတကြီးအသိပါခင်ဗျာ။သမ္မတကြီးက တိုင်းရင်းသားအချင်းချင်းအလုံးစုံငြိမ်းချမ်းရေးရရှိဖို့၊အပြစ်မဲ့ပြည်သူတွေ အတိဒုက္ခမရောက်စေဖို့ တည့်မတ်တဲ့လမ်းကြောင်းပေါ် လက်တွဲခေါ်နေတယ်ဆိုတာ နားလည်ပါတယ်ခင်ဗျာ။ဒါပေမယ့် သူတို့ခေါင်းဆောင်ပိုင်းကစပြီး လက်အောက်ငယ်သားတွေအဆုံး ကတိသစ္စာဆိုတာ နကန်းတစ်လုံးနားမလည်ကြလေတော့ အချိန်ယူဆွေးနွေးမှုပြုလေ အဆိပ်ပင်ရေလောင်းသလိုဖြစ်လေဖြစ်နေပါတယ်ခင်ဗျား။ ဒီကိစ္စကို ညှိနှိုင်းဖြေရှင်းပြန်ရင်လည်း အမျိုးမျိုးအကြောင်းပြပြီး ကလိန်စေ့ငြမ်းဆင် လိမ်ညာဖုံကွယ်ပြီးခုလိုပြုမူမျိုးလစ်ရင်လစ်သလိုလုပ်နေဦးမှာ မြေကြီးလက်ခတ်မလွဲ ပါခင်ဗျား။

သမ္မတကြီးခင်ဗျား

သမ္မတကြီးက ကျောသားရင်သားမခွဲခြားပဲ တစ်ပြည်လုံးကိုရင်ဝယ်သားပမာစိတ်ရင်းဖြူစင်စွာ ဆက်ဆံသူဖြစ်လေတော့ ကျွန်တော်တို့လည်း လက်တော့ကိုင်ချင်လိုက်တာဆိုတဲ့ စကားတစ်ခွန်းကို တစ်ပြည်လုံးသိစေညွှန်းခဲ့ပါတယ်။ဒါပေမယ့် ဘယ်လိုပဲစည်းရုံး စည်းရုံး၊ဘယ်လောက်ပဲ ဆွဲဆောင် ဆွဲဆောင်၊မူမရှိ ဘောင်မရှိ၊စည်းမရှိ ကမ်းမရှိ၊ လမ်းမရှိ လမ်းမသိတဲ့ ကေအိုင်အေရဲ့ ဆင်ကန်းတောတိုးလုပ်ရပ်တွေကြားမှာ လုံးပါးပါးနေရတဲ့ စစ်သည်တွေဘက်ကိုလည်း စာနာနားလည်ပေးပါခင်ဗျား။ခြံခုန်တာ တစ်ကြိမ်လည်းမက၊ခွေးမြီးကောက် ကျည်တောက်စွပ်လည်း တစ်ကြိမ်မကဘဲ ထင်ရာစိုင်း ရိုင်းနေတဲ့သောင်းကျန်းသူ လက်တစ်ဆုပ်စာလူတစ်စုအတွက် စစ်သည်တွေရဲ့ သွေးသက်ခန္ဓာတွေ ၀ကွက်လည်စင်းပေးနေရတာ တော်တော်များလှပါပြီခင်ဗျာ။စစ်သည်၊စစ်သားဆိုတာ ခေတ်အဆက်မှာလည်း မူဝါဒနဲ့ ညွှန်ကြားချက်တွေအတွက် စေသည့်ကျွန် ထွန်သည့်နွားပါ။ခုလည်း သမ္မတကြီးက မပစ်ရဆို မပစ်ကြဘဲ နောက်ဆုံးထွက်သက်အထိ အမိန့်အတိုင်း အတိအကျလေးစားလိုက်နာကြမှာပါ။နောင်လည်းထပ်တူပါပဲခင်ဗျာ။

သမ္မတကြီးခင်ဗျား

နောက်ဆုံးလေးစားစွာပန်ကြားချင်တာကတော့ ...

(တပည့်မကောင်းလို့ပဲဖြစ်ဖြစ်၊ဆရာမကောင်းလို့ပဲဖြစ်ဖြစ် နည်းအမျိုးမျိုးနဲ့ ယုတ်မာဆိုးညစ်နေတဲ့)

“လက်တော့ကိုင်ချင်တဲ့လက်ကလေးတွေကို ”

စာနာ ၊စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ခဲ့ရတဲ့ သမ္မတကြီးအနေနဲ့

(တိုက်ရင်းသေရတာ မြတ်ပေမယ့် စစ်မတိုက်ရဘဲ တဖွဲဖွဲ ကြွေကျနေရတဲ့)

တရားဝင်ဖွဲ့စည်းထားတဲ့“ ခေတ်အဆက်ဆက် အနင်းခံမြက်တွေ”ကိုလည်း တစ်ချက်လောက်ပဲ စာနာနားလည်ပေးပါခင်ဗျား။

Credit to>>>Aung Zay

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...