Sunday, October 20, 2013

မော်လ်ဒိုက် ရွေးကောက်ပွဲကို ရဲတပ်ဖွဲ့က အတင်းအကျပ် ရွှေ့ဆိုင်းစေခဲ့

Created on Sunday, 20 October 2013


အောက်တိုဘာ ၁၈ ရက်က သမ္မတဟောင်း မိုဟာမက်နာရှိက မော်လ်ဒိုက်နိုင်ငံ မေးလ်မြို့ မဲဆွယ်ပွဲတစ်ခု၌ ထောက်ခံသူများကို လက်ဝှေ့ယမ်း နှုတ်ဆက်နေစဉ် (Photo:AFP)

မော်လ်ဒိုက် ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၁၉ ရက်တွင် ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲ အစီအစဉ်ကို အတင်းအကျပ် ရွှေ့ဆိုင်းစေခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် ရွေးကောက်ပွဲ မဲပေးမှုကို တရားဥပဒေနှင့် မညီဟု ကြေညာခဲ့ပြီး လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်၏ ရုံးခန်းများမှနေ၍ ဆန္ဒမဲစာရွက်များ ဖြန့်ဝေခြင်းကို ပိတ်ဆို့တားဆီးခဲ့သည်။ ယခင်သမ္မတဟောင်းကို ရွေးကောက်ပွဲတွင် ရှုံးနိမ့်လိမ့်မည်ဟု ယုံကြည်ရသော သမ္မတလောင်းနှစ်ဦးက တရားရုံးတွင် ကန့်ကွက်ထားသော်လည်း ကော်မရှင်က ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ပြုလုပ်မည်ဟု ကြေညာခဲ့ပြီးနောက် နာရီအနည်းငယ် အကြာတွင် ရဲတပ်ဖွဲ့က ရွေးကောက်ပွဲကို ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

"ဆန္ဒမဲပေးပွဲလုပ်ဖို့ ကျွန်တော်တို့ဆက်ပြီး ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့က ကော်မရှင်ကို ရွေးကောက်ပွဲနှင့် သက်ဆိုင်တဲ့ ဘယ်အထောက်အထား စာရွက်စာတမ်းကိုမှ ဖြန့်ချိခွင့် မပေးခဲ့ပါဘူး" ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဖူဝက်သော်ဖိက ထုတ်ပြန်ချက် တစ်ရပ်တွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကို ရွှေ့ဆိုင်းစေခဲ့ပြီးနောက် ရွေးကောက်ပွဲအသစ် ကျင်းပမည့်နေ့ကို နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဘူလာနာဝက်က ပြောကြားခဲ့သည်။ သူက ရွေးကောက်ပွဲဝင်မည့်သူများ အားလုံးအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူများ စာရင်းကို အတည်ပြုပေးရန် လိုအပ်သည်ဟူသော အထက်တရားရုံး၏ အမိန့်ကို ချိုးဖောက်လျက် ရွေးကောက်ပွဲ ကျင်းပခြင်းသည် ဥပဒေနှင့် မညီကြောင်း ပြောကြားခဲ့သည်။ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်မှုတွင် ပါဝင်ယှဉ်ပြိုင်မည့်သူ တစ်ဦးတည်းကသာ လက်မှတ်ရေးထိုးထားခြင်းသည် ရွေးကောက်ပွဲ ကျင်းပရန်အတွက် အထက်တရားရုံး၏ လမ်းညွှန်ချက်များကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...