Sunday, October 20, 2013

တရုတ်ထိပ်တန်း တက္ကသိုလ် တစ်ခုက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသည့် စီးပွားရေး ပညာရှင်အား အလုပ်မှ ထုတ်ပယ်

Created on Sunday, 20 October 2013


ပီကင်းတက္ကသိုလ်၏ စီးပွားရေးကျောင်း အဆောက်အအုံကို တွေ့မြင်ရစဉ် (Photo:SCMP)

တရုတ်ထိပ်တန်း တက္ကသိုလ် တစ်ခုသည် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသည့် စီးပွားရေး ပညာရှင် တစ်ဦးကို အလုပ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ပညာရှင်သည် အလွတ်သဘော မိန့်ခွန်းများ ပြောဆိုမှုနှင့် ဥပဒေရေးရာ စည်းမျဉ်းများကို လွန်စွာပိုင်နိုင် ကျွမ်းကျင်သူဖြစ်ပြီး ဒီမိုကရေစီ တန်ဖိုးများကို ဆွေးနွေးတင်ပြမှုအတွက် ကွန်မြူနစ်ပါတီ၏ သည်းခံနိုင်စွမ်းအောက်သို့ ရောက်ရှိသွားပြီး ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်ရေးကို ခြိမ်းခြောက်နေသည်ဟု ယူဆသောကြောင့် အလုပ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပီကင်းတက္ကသိုလ် စီးပွားရေးကျောင်း၏ အဖွဲ့ဝင် ၃၄ ဦးပါဝင်သော အုပ်ချုပ်ရေး အဖွဲ့သည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ပါမောက္ခ ကျာယေလျန်ကို အလုပ်မှ ထုတ်ပယ်ရန် အဆိုအား မဲခွဲဆုံးဖြတ်ခဲ့ရာ ၃၀-၃ မဲဖြင့် အနိုင်ရခဲ့သည်။ ၎င်းအား အလုပ်မှ ထုတ်ပယ်ကြောင်းကို သူကိုယ်တိုင်က အေပီသတင်းဌာနသို့ ပြောကြားခဲ့ပြီးနောက် ပီကင်းတက္ကသိုလ်သို့ ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

ကျာက "ကျွန်တော့်စိတ်ထဲမှာ ဒေါသထွက်နေတယ်။ ဒါပေမဲ့ စိတ်အေးအေးထားပြီး ရင်ဆိုင်ရမယ်" ဟု ပြောကြားခဲ့သည်။ ကျာသည် ပီကင်းတက္ကသိုလ်တွင် တာဝန်ထမ်းဆောင် ခဲ့သည်မှာ ၁၃ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပြီး အလုပ်မှ ထုတ်ပယ်ခံရသော်လည်း သူ၏ကန်ထရိုက်သက်တမ်း ကုန်ဆုံးမည့် ဇန်န၀ါရီ ၃၁ ရက်အထိ တက္ကသိုလ်၌ ဆက်ရှိနေဦးမည် ဖြစ်သည်။

ကျာ အလုပ်ထုတ်ခံရတော့မည်ဟူသော ကောလာဟလများသည် ပညာရှင် အသိုင်းအ၀ိုင်းနှင့် တရုတ်နိုင်ငံ၏ ထင်ရှားသော မိုက်ခရို ဘလော့ဂ်များအတွင်း ဆွေးနွေးမှုများ၌ ပျံ့နှံ့နေသည်မှာ လအတန် ကြာခဲ့ပြီဖြစ်ပြီး ယင်းကဲ့သို့သော အရေးယူမှုသည် ယခင်ကတည်းက တရုတ်နိုင်ငံ၏ ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်များ တင်းကျပ်ထားမှုအပေါ် ထပ်မံထိုးနှက်ချက် တစ်ရပ်ဖြစ်သည်ဟု ဝေဖန်သူတို့က ဆိုကြသည်။

တရုတ်နိုင်ငံတွင် မကြာသေးခင်ကမှ ခေါင်းဆောင်အသစ်များ တက်လာပြီး ကောလာဟလဟု ခေါ်ဆိုသည့် အရာများအား ဖြန့်ချိသည့် ထင်ရှားသော ဘလော့ဂါများကို ဖမ်းဆီးခြင်း၊ လာဘ်စားမှု တိုက်ဖျက်ရေး နည်းလမ်းများကို ဆော်သြသည့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းတို့ ပြုလုပ်ခဲ့ရာ ကျာ အလုပ်ထုတ်ခံရခြင်းသည် ပြည်သူများ၏ လွတ်လပ်စွာ ဖော်ထုတ်ပြမှုအား ထိန်းချုပ်ထားမှုကို ထပ်မံတင်းကျပ်လိုက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ ကွန်မြူနစ်ပါတီ အာဏာပိုင်များသည် အချို့သော ကောလိပ်များသို့ တိုက်ရိုက်အမိန့်စာ ပေးပို့ပြီး သင်တန်းပို့ချမှု အချို့ကို ပိတ်ပင်လိုက်ကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ ပိတ်ပင်လိုက်သည့် အကြောင်းအရာများထဲတွင် စာနယ်ဇင်း လွတ်လပ်ခွင့်၊ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းကဲ့သို့သော အကြောင်းအရာများ ပါဝင်သည်ဟု ဆိုသည်။

သြဂုတ်လကလည်း တရုတ်အရှေ့ပိုင်း နိုင်ငံရေး သိပ္ပံနှင့် ဥပဒေ တက္ကသိုလ်မှ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည့် ပါမောက္ခ တစ်ဦးဖြစ်သော ကျန်ကျူးကျွမ်ကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။

ကျာယေလျန်သည် လွန်ခဲ့သည့် နှစ်များအတွင်း ဒီမိုကရေစီရေးရာ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာပြီး ၂၀၀၈ ခုနှစ်က ယခုအခါ အကျဉ်းကျနေသော လျူရှောင်ပို၏ တရုတ်တစ်ပါတီ နိုင်ငံရေးစနစ်ကို ပြောင်းလဲရန် ရဲရဲရင့်ရင့် တောင်းဆိုထားသော ချာတာ ၀၈ အမည်ရှိ စာတမ်းရေးသားရာတွင် ပါဝင်ကူညီခဲ့သည်။ လွတ်လပ်စွာ ဖော်ထုတ်ပြခွင့်ကို တင်းကျပ်စွာ ထိန်းချုပ်ထားမှုအတွက် ၂၀၀၉ ခုနှစ်က ကျာသည် တရုတ်ထိပ်တန်း ခေါင်းဆောင်တစ်ဦးထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ဖြင့် ဝေဖန်ခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...