Thursday, October 10, 2013

"ကုန်းဘောင် ရှာပုံတော်"- အပိုင်း (၄)



======================

* အခြားတစ်ရွာမှာ နေတဲ့ ဦးအောင်ဇေယျရဲ့ သူငယ်ချင်းတစ်ယောက်လည်း အိပ်မက်မက်ပြန်တယ်...။ သူ့အိပ်မက်က -
---- သူတို့ထံကို ဝတ်ဖြူစင်ကြယ်နှင့် လူတစ်ယောက် ရောက်လာကာ 'နက်ဖြန် မိုးသောက်လျှင် သင့်အိမ်သို့ ရှင်ဘုရင်လင်မယား ယာဉ်ကိုစီး၍ တောင်အရပ်က လာလိမ့်မည်။ မင်းတို့၌ ပြုအပ်သော ဝတ္တရားနှင့်အညီ ပြုစုလေ။ သင့်အား စောင်မကြည့်ရှုသွားလိမ့်မည်။' လို့ မှာကြားသွားပါတယ်...။

* အိပ်ရာက နိုးလာတော့ လူကြီးမိဘများကို အိပ်မက်အကြောင်း ပြောပြပြီး နတ်သိကြားတို့ နှိုးဆော်ချက်အတိုင်း စားသောက်ဖွယ်ရာတွေ ခင်းကျင်းပြီး စောင့်စားနေပါတယ်..။

* အဲဒီနံနက်ခင်းမှာပဲ ဦးအောင်ဇေယျတို့ ဇနီးမောင်နှံဟာ လှည်းယာဉ်ကိုစီးပြီး ရောက်လာတယ်..။ လာရတဲ့အကြောင်းက အဲဒီသူငယ်ချင်းဆီက ရရန် အကြွေးငွေ ၅၀ ကျပ် တောင်းဖို့ ဖြစ်ပါတယ်..။
ရှင်ဘုရင်ကို စောင့်မျှော်နေသူက
"ငါ့အိပ်မက်ထဲမှာ ရှင်ဘုရင်လင်မယား လာမယ်ဆိုလို့ စောင့်နေတာ... အခုတော့ အောင်ဇေယျတို့လင်မယား ရောက်လာတာပါလား.. အောင်ဇေယျတော့ ရှင်ဘုရင်စော် နံတဲ့လူပဲ" လို့ ပြောပြောဆိုဆို ဆီးကြို နှုတ်ဆက်တယ်..။

* ဦးအောင်ဇေယျက
" မင်းပြောတဲ့အတိုင်း မှန်ခဲ့ရင် နိမိတ်ကောင်းတယ်... မင်းစကားကို ငါက ပူဇော်ရမယ်.. ဒါကြောင့် ငါတို့ကို ပေးဖို့ရှိနေတဲ့ အကြွေးငွေကို စာရင်းပယ်လိုက်တော့မယ်.. မပေးပါနဲ့တော့" လို့ ဆိုတယ်..။

* ခင်းကျင်းထားတဲ့ စားသောက်ဖွယ်တွေကို သုံးဆောင်ပြီးတဲ့နောက် ဦးအောင်ဇေယျက
"မင်းပြောခဲ့တဲ့စကားကို မင်းအိမ်မှာပဲ ပြီးပါစေကွယ်... တစ်ပါးကို မပေါက်ကြားပါစေနှင့်" လို့ သူငယ်ချင်းကို နှုတ်ပိတ်ပြီး အိမ်ပြန်ခဲ့ကြတယ်..။

*** မြောက်ဘက်မှာ မင်းလောင်းပေါ်မည် ဆိုတဲ့ တဘောင်က တော်တော်ခေတ်စားလာပါတယ်..။

မြောက်ဘက်တစ်ခို၊ မုဆိုးဘို
မိုးခိုပါစို့၊ ညည်းနှင့်တို့
တိုင်းရက်သည့် ပက္ကလာ
မိုးရွာသည်နှင့် အသင့်ပဲ။
တို့မေလေး မကျေဖျက်
မြောက်ဘက်ကယ်တဲ့ ဟိုတစ်ခို
ပြေးစို့ နှစ်ကိုယ်။
ဆိုင်းစိုစိုက
ရန်လုံးဖြိုပါတဲ့
ပြည်ရွှေဘို ထိုမြို့မှာ
မိုးခိုစို့လေး။ ။

* ပေါ်ပေါက်လာသမျှ တဘောင်တို့မှာ အများအားဖြင့် မုဆိုးဘိုက ဦးအောင်ဇေယျကိုသာ ဦးတည်နေကြတယ်..။ ဒါကြောင့် သူ့သူငယ်ချင်းတွေအိမ်ကို အလည်သွားတဲ့အခါတိုင်း-
"ဟေ့.. အောင်ဇေယျ၊ မင်းလာရင် တယ်ပြီး ရှင်ဘုရင်စော် နံသကွာ... မလာပါနဲ့.. တို့တစ်တွေ ရာဇဝတ်သင့်ကုန်ပါ့မယ်.." လို့ ကျီစယ်နောက်ပြောင်လေ့ ရှိပါတယ်..။

* အဲဒီတဘောင် သတင်းတွေကို နေပြည်တော်က ကြားသိရာ-
စဥ့်ကိုင်မှာရှိနေတဲ့ အင်းဝဘုရင်ရဲ့နောင်တော်သဖွယ် သူကောင်းပြုထားသူ သတိုးမင်းခေါင် ခေါ် တောင်ငူရာဇာက မောင်အောင်ဇေယျကို ခေါ်ယူစစ်မေးပါတယ်...။
" ရှင်ဘုရင်စော် နံတယ် ဆိုပြီး ပြောနေကြတယ်.. အဲဒါ အမှန်ပဲလား" လို့ မေးတယ်..။
ဦးအောင်ဇေယျက -
" ဒီစကားကို ရွှေနားတော်ကြားအောင် ပြောဆိုကျော်ကြားခြင်းမှာ မလိုသူတို့ ကုန်းချောခြင်းသာ အရင်းခံဖြစ်ပါတယ်" လို့ ဖြေလိုက်တယ်...။

* တောင်ငူရာဇာက မောင်အောင်ဇေယျရဲ့ ရဲရင့်တည်ကြည်ခြင်း၊ ရူပနိကာယ်ကောင်းခြင်း တို့ကို ထောက်ရှုပြီး ယာယီယတြာများ ပြုလုပ်ပေးလိုက်တယ်..။ "မုဆိုးဘို"ကို "ရွှေဘို"လို့ အမည်ပြောင်းစေပြီး အဲဒီအရပ်ရှိ ရွှေတန်းစာစေတီရဲ့ မြောက်ဘက်မှာ ကိန်းချေတဲနန်း ဆောက်စေတယ်..။

* ဦးအောင်ဇေယျဟာ မုဆိုးဘို အရပ်မှာ ရိုးရိုးကုပ်ကုပ် တောင်သူလုပ်ငန်းကို တင်းတိမ်နေသူ မဟုတ်..။ အတိတ်နိမိတ်များကို သူကိုယ်တိုင်ယုံကြည်တာကြောင့် အထွတ်အထိပ်ကို ရောက်ဖို့ လိုအပ်တဲ့ စည်းရုံးရေး၊ လေ့လာရေးတွေကို အမြဲအားထုတ်လျက် ရှိပါတယ်...။
အင်းဝမြို့ အရေးအခင်းများကို လူထောက်လွှတ်ခြင်း၊ ကိုယ်တိုင်သွားပြီး စုံစမ်းခြင်း ပြုလေ့ရှိတယ်..။

* ထိုကာလမှာ အင်းဝပြည်မှာလည်း အရေးကိစ္စများ ရှုပ်ထွေးနေချိန်ဖြစ်ပါတယ်...။
### (မှတ်ချက်။ ။ ဤနေရာတွင် ဦးအောင်ဇေယျအကြောင်းကို တစ်ခန်းရပ်၍ အင်းဝပြည်၏ အရေးတော်ပုံကို ကြားဖြတ်၍ အနည်းငယ် ဖော်ပြပါမည်)###

* (၁၀၉၅) ခုနှစ်မှာ အင်းဝပြည် တနင်္ဂနွေမင်း နတ်ရွာစံတော့ သူ့ရဲ့သားတော် ကြာသပတေးမင်း(ဟံသာဝတီပါမင်း) နန်းတက်ပါတယ်..။ ကြာသပတေးမင်းမှာ အသက် ၁၆ နှစ်သာ ရှိသေးတော့ ဝါနုသောကြောင့် မှူးကြီးမတ်ကြီးတို့က သူ့ထက်ဝါရင့်ပြီး အရည်အချင်းပြည့်စုံတဲ့ ဘုရင်ရဲ့ညီတော် ဗဒုံမြို့စားကို နန်းတင်လိုကြတယ်..။
ဒါပေမယ့် ဝန်ကြီးဦးပုက ဩဇာကြီးမားစွာနဲ့ ထောက်ခံတာကြောင့် ကြာသပတေး မင်းသား ထီးနန်းရခဲ့တယ်...။

* ထီးနန်းသိမ်းပိုက်တဲ့နေ့က နန်းရင်ပြင်မှာ ထမင်းဟင်း၊ ဘောဇဉ်ခဲဖွယ်များ အပြည့် ခင်းကျင်းထားပြီး ရှင်ဘုရင်က အဲဒီထမင်းဟင်းတွေကို နင်းနယ်ပြီးမှ နန်းတက်တော်မူတယ်..။ ပညာရှိများက-
"ဤမင်းလက်ထက် မွတ်သိပ်ရှားပါးချိမ့်မည်"လို့ နိမိတ်ဖတ်လိုက်ပါတယ်...။

* ရှင်ဘုရင်ဖြစ်ပြီးနောက် ဝန်ကြီးဦးပုကို လွှတ်တော်အဆင့်သို့ တိုးမြှင့်ပေးလိုက်တယ်..။ ငယ်ဆရာ မောင်ဖြိုးကို "ရာဇနန္ဒ ဘွဲ့"ပေးပြီး အတွင်းဝန် ခန့်တယ်...။ မောင်ဖြိုး ဆိုတာက မူလတန်းကျောင်းဆရာလောက်သာ တတ်သိပြီး ဝန်ကြီးဦးပုက ပါမောက္ခသဖွယ် ပညာဉာဏ်ကြီးမားသူ ဖြစ်တယ်...။
ဒါပေမယ့် ဘုရင်က မောင်ဖြိုးကို ငယ်ဆရာအဖြစ် ပိုမိုရင်းနှီးခဲ့ပါတယ်...။ မောင်ဖြိုးဟာ ကတုန်းကတိုက် လုပ်တတ်သူလည်း ဖြစ်ပါတယ်..။

* အဲဒီကာလတွေမှာ တိုင်းရေးပြည်ရေးကလည်း မကောင်းပါ..။ မငြိမ်းချမ်းပါ...။ မွန်များက ပုန်ကန်ခြားနားပြီး မွန်တပ်များ ချီတက်လာတော့ ဦးပုက ခုခံကာကွယ်ဖို့ အစီအစဉ်တွေ ကြိုတင်ပြုလုပ်စီမံတယ်...။
လူသန်လူကြမ်း အမှုထမ်း ၁၀၀၀ ဖွဲ့စည်းတယ်..။
အဲဒီလူ ၁၀၀၀ ကို ကွပ်ကဲအုပ်ချုပ်ဖို့ လူ ၁၀၀ ကိုလည်း ဖွဲ့စည်းတယ်..။
ဒါကို "ရဲတစ်ထောင် နောင်တစ်ရာ စီမံကိန်း" လို့ ခေါ်ပါတယ်..။
ဒီလို စီစဉ်ခုခံရင် ရန်သူကို နိုင်လိမ့်မည် ဆိုတဲ့ ရှေးစကားလည်း ရှိခဲ့တယ်...။

* "ဦးပု ဒီလိုစီစဉ်နေတာဟာ ဘုရင်ကို ပုန်ကန်ဖို့ စီမံတယ်" ဆိုပြီး ရာဇနန္ဒ မောင်ဖြိုးက ရှင်ဘုရင်ကို ကုန်းချောတော့................
...........
....
အပိုင်း(၅) ဆက်လက်ဖော်ပြပါဦးမည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...