Thursday, October 10, 2013

သားလုခန်းမှ မိခင်စိတ်ဓာတ်မွေးမြူနိုင်ပါစေ


10.10.2013

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားလေးပါးသည် မြန်မာလူမျိုးတို့နှင့် စိမ်းကားလှ သည် မဟုတ်သော် လည်း လိုက်နာ ကျင့်ကြံမှုမရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဘာကြောင့်မလိုက်နာ လည်းဟုအကျဉ်းချုပ်ဆိုရသော်ကိုယ်ကျိုး အတ္တစီးပွားကြောင့်ပင်ဖြစ်သည်ဟုဆိုရပေမည်။

တစ်ဦးနှင့် တစ်ဦး အပြုံးနှင့် ပြောဆိုဆက်ဆံနေကြသော်လည်းစိတ်ထဲ၌တွင် ကိုယ့်အတ္တ၊ ကိုယ်အလိုဆန္ဒအတွက် မေတ္တာ မထားနိုင်ကြသည်ကိုတွေ့မြင် နေရပေသည်။ အချိန်အတိုင်းအတာအထိမင်းသားမျက်နှာဖုံးစွပ်ထား နိုင်သော်လည်း ၎င်းအချိန်ကိုကျော်လွန်ပါက ဘီးလူးရုပ်များထွက်ပေါ်လာနေကြသည်မှာ လောကသဘာဝ ဟုပင်ဆိုရတော့မည်ဖြစ်ပေသည်။

ယနေ့မြန်မာနိုင်ငံရေးအခြေအနေသည်လည်း မျက်နှာဖုံးများကွာကျမည့် အချိန်သို့ရောက်ရှိရန် တစ်ဖြေး ဖြေးနီးကပ် လာလျက်ရှိပေသည်။ ဘယ်သူတွေမေတ္တာပျက်ပျက် မပျက်ပျက် ကိုယ်မပျက်ဖို့သာ အရေးကြီး ပါသည်။ တိုင်းပြည် တကယ်တိုးတက်စေချင်လျှင် ငြိမ်းချမ်းစေချင်လျှင်၊ အမှန်တကယ်စေတနာထားလျှင် ထားနိုင်သလောက် အကျိုးပေးပြောင်းလဲလာနိုင်သည့်အခြေအနေသို့တစ်ဖြေးဖြေးချဉ်းကပ်လာလျက်ရှိသည်ကို တွေ့နေရပေသည်။ ပြောင်းလဲနိုင်စွမ်းရှိသည့် နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော် ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ အနေဖြင့် တိုင်းပြည်အပေါ် ဘယ်သူစေတနာမှန်သလဲဆိုတာ တွေ့မြင်ရတော့မည် ဖြစ်ပါသည်။ 

မဟော်သဓာဇာတ် ထဲမှ သားလုခန်းသည် ဘီလူးမနှင့် မိခင်ရင်းနှစ်ဦးသာ သားလုပြီး ယနေ့မြန်မာနိုင်ငံရေး သားလုခန်းသည် သမ္မတလုပ်လိုပါသည်ဟု ပြောဆိုထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းအပြင် ထုတ်ဖော်မပြော ဆိုဘဲ ယှဉ်လုမည့်သူများလည်းရှိနေမည်ဟု ယူဆပါသည်။ဒါကြောင့် သားနှင့်တူသောပြည်သူတွေအနေဖြင့် သားလုခန်းတွင် သားအားနာကျင်မှာစိုး၍စွန့်လွှတ်အနစ်နာခံသောမိခင်စိတ်ဓာတ်ရှိသည့် ခေါင်းဆောင်မျိုးတွေသာ ပေါ်ပေါက်လာဖို့အလိုရှိပါသည်။ မိခင် ယောင်ဆောင်သော ဘီလူးမလိုစိတ်ဓာတ်မျိုးဖြင့် ငါသမ္မတဖြစ်ပြီးရောဆိုပြီး လုပ်ဆောင်လိုသူတွေများပါက သားနှင့်တူသော ပြည်သူများ နာကျင်ထိခိုက်ကြေကွဲခံစားရမည်မှာ အသေအချာပင် ဖြစ်ပေသည်။

ဒါကြောင့် သမ္မတဖြစ်ချင်ကြောင်း ကြေငြာထားသော ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတလုပ်ချင်သူများအား သားလုခန်းတွင် မိခင်ဖြစ်သူမှသားဖြစ်သူအား နာကျင်မှာစိုး၍ အနစ်နစ်ခံသည့် စိတ်ဓာတ်မျိုးဖြင့် သားနှင့်တူသည့် ပြည်သူတွေ မထိခိုက်မနစ်နာအောင် ကိုယ်ကျိုး အတ္တဆန္ဒများကို ပစ်ပယ်ပြီး စွန့်လွှတ် အနစ်နာခံသည့်စိတ်ဓာတ်များ မွေးမြူနိုင်ပါစေလို့ တိုက်တွန်းရေးသားလိုက်ရပါသည်။

ဦးသစ္စဏ


http://shannnews.blogspot.com/2013/10/blog-post_1489.html

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...