Wednesday, November 6, 2013

နယူးယောက်မြို့တော်ဝန် ရွေးကောက်ပွဲတွင် လက်ဝဲယိမ်းရှေ့နေ ဘီလ်ဒီဘလာစီယို အနိုင်ရဖွယ်ရှိ

Wednesday, 06 November 2013


နယူးယောက်မြို့တော်ဝန် ကိုယ်စားလှယ်လောင်း ဘီလ်ဒီဘလာစီယိုက နယူးယောက်မြို့ရှိ ကွင်းဘိုရော့တွင် နိုဝင်ဘာ ၄ ရက်က မဲဆွယ်နေစဉ် (Photo:AFP)

အမေရိကန် အကြီးဆုံးမြို့ နယူးယောက်တွင် မြို့တော်ဝန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ရာ လက်ဝဲယိမ်း ဒီမိုကရက်တစ် ပါတီဝင် ဘီလ်ဒီဘလာစီယိုက မဲအပြတ်အသတ်ဖြင့် အနိုင်ရဖွယ်ရှိကြောင်း သိရသည်။ ရာထူးသက်တမ်းမကြာမီ ကုန်ဆုံးမည့် မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘတ်၏ ၁၂ နှစ်ကြာ အုပ်ချုပ်ခဲ့သော နယူးယောက်ကို အသွင်သစ် ဖြစ်စေမည်ဟု အသက် ၅၂ နှစ်ရှိ အစိုးရရှေ့နေ ဒီဘလာစီယိုက မဲဆွယ်ခဲ့သည်။

နိုဝင်ဘာ ၄ ရက်တွင် အင်န်ဘီစီနှင့် ဝေါလ်စထရိ ဂျာနယ်တို့က ကောက်ယူခဲ့သော လူထုသဘောထား စစ်တမ်းတွင် ဒီဘလာစီယိုက ရီပတ်ဘလီကန်ပါတီဝင် ဂျိုးဟိုတာထက် ၄၁ မှတ် ကျော်လွန်ကာ ၁၉၈၉ ခုနှစ်နောက်ပိုင်း နယူးယောက် မြို့တော်ဝန်အဖြစ် ပထမဆုံး ရွေးကောက်ခံရသော ဒီမိုကရက်တစ်ပါတီဝင် ဖြစ်လာရန် လမ်းကြောင်းပေါ် ရောက်ရှိနေသည်။

ဒီဘလာစီယိုက ဇနီးချာလိန်း၊ ဆယ်ကျော်သက်အရွယ် သားသမီးများဖြစ်သော ဒန်တီနှင့် ချီယာရာတို့နှင့်အတူ လူမြင်ကွင်းရှေ့ ထွက်လာခဲ့ပြီး သာမန်မိသားစုများနှင့် တွေ့ဆုံကာ အမျိုးမျိုး ကွဲပြားခြားနားသော မဲဆန္ဒရှင်များကို မဲဆွယ်စည်းရုံး ခဲ့သည်။

နယူးယောက်တွင် နေထိုင်သူ ၃၃ ဒသမ ၃ ရာခိုင်နှုန်းက လူဖြူများဖြစ်ပြီး ၂၅ ဒသမ ၅ ရာခိုင်နှုန်းက လူမည်းဖြစ်ကာ ၂၈ ဒသမ ၆ ရာခိုင်နှုန်းမှာ စပိန်စကားပြော လက်တင်အမေရိက သားများဖြစ်ပြီး ၁၂ ဒသမ ၇ ရာခိုင်နှုန်းက အာရှတိုက်သားများဖြစ်ကြောင်း သိရသည်။

နယူးယောက်၏ ၁၀၉ ဦးမြောက် မြို့တော်ဝန်အဖြစ် ရွေးကောက်ခံရပါက အခွန်တိုးမြှင့်ရန်၊ မူကြိုပညာရေးနှင့် ကျောင်းပြင်ပ အစီအစဉ်များတွင် ငွေကြေးထောက်ပံ့ရန်နှင့် တန်ဖိုးမျှတအိမ်ခန်း ၂၀၀၀၀၀ တည်ဆောက်ပေးရန် ကတိပြုထားသည်။

သန်းကြွယ်သူဌေး ၄၄၀၀၀၀ ကျော်ရှိပြီး ဆင်းရဲမွဲတေသူ (လူလေးဦးရှိသော မိသားစု တစ်စုအတွက် တစ်နှစ်ဝင်ငွေ ၃၀၉၄၄ ဖြင့် ရပ်တည်နေရသည့်နှုန်းဖြင့် နေထိုင်ရသော) ၂၁ ရာခိုင်နှုန်းရှိသည့် နယူးယောက်တွင် ချမ်းသာမှုနှင့် ဆင်းရဲမှုအကြား ကွာဟချက်ကို ပစ်မှတ်ထား၍ ၎င်းကမဲဆွယ်ခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...