Wednesday, November 6, 2013

အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာကြောင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း ရုံးမြေနေရာ ပုဂ္ဂလိက မြှုပ်နှံမှုဖြင့် စီးပွားဖြစ် လုပ်ကိုင်မည့် အငြင်းပွားနေသော မူလအစီအစဉ် အလိုအလျောက် ပျက်ပြယ်

 Created on Wednesday, 06 November 2013


ကန်ရိပ်သာလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံအား နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ်

ရန်ကုန်မြို့တော်အတွင်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာ သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ရွှေတိဂုံစေတီတော် အထပ်မြင့် ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာများကို ဇုန် (၁) နှင့် ဇုန် (၂) ခွဲခြားထားပြီး ဇုန် (၁)တွင် ပါဝင်သည့် နေရာများ၌ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရာတွင် သတ်မှတ်အမြင့်ပေ ၆၂ ပေထက် မပိုရကြောင်းနှင့် ဇုန် (၂) တွင် ပါဝင်သည့် နေရာများတွင် အမြင့်ပေ ၁၉၀ ထက် မပိုရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံ ဌာနမှ သိရသည်။

ထို့ပြင် စက်တင်ဘာလ အတွင်းက တိုးချဲ့ထားသည့် စိမ်းလန်းစိုပြည် ဧရိယာများဖြစ်သော ကန်တော်ကြီးနှင့် တိရစ္ဆာန်ဥယျာဉ်အထိ မရောက်ခင် ရွှေတိဂုံစေတီတော်၏ မြောက်ဘက်တွင် ဓမ္မစေတီလမ်းနှင့် ရှင်စောပုလမ်း၊ တောင်ဘက်တွင် မင်းရဲကျော်စွာလမ်း၊ မြို့ပတ်ရထားလမ်း၊ ရွှေတိဂုံဘုရားလမ်း လမ်းဆုံမှ ယောမင်းကြီး ဦးဖိုးလှိုင်လမ်း၊ အရှေ့ဘက်တွင် အလံပြ ဘုရားလမ်း၊ တိရစ္ဆာန် ဥယျာဉ်လမ်း-ကန်ရိပ်သာလမ်း- စက်ရုံလမ်း-နတ်မောက်လမ်း-ကမ္ဘာအေးစေတီလမ်း၊ အနောက်ဘက်တွင် ဗဟိုလမ်းအထိ သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း မြေနေရာသည် ကန်ရိပ်သာလမ်းနှင့် သိမ်ဖြူလမ်းထောင့်တွင် ရှိနေပြီး အဆိုပါ ကန်ရိပ်သာလမ်းသည် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာ ဇုန် (၂) အတွင်း ကျရောက်နေခြင်းကြောင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံး မြေနေရာကို ပုဂ္ဂလိက မြှုပ်နှံမှုဖြင့် စီးပွားဖြစ် လုပ်ကိုင်မည့် အငြင်းပွားနေသည့် အစီအစဉ် အလိုအလျောက် ပျက်ပြယ်သွားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းပါ အချက်များကို ဆန့်ကျင်ကာ အသင်းသူ အသင်းသား ဆရာဝန်များ၏ သဘောတူညီမှု မရှိဘဲ မြန်မာနိုင်ငံ ဆရာဝန်အသင်းပိုင် အဆောက်အအုံနှင့် မြေနေရာအား "မြန်မာနိုင်ငံ ဆရာဝန်အသင်း အကျိုးစီးပွား ထိန်းသိမ်းကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး" ဟုဆိုကာ ပြည်ပကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းကာ စီးပွားဖြစ် အထပ် ၄၀ ကျော် အဆောက်အအုံ လုပ်ကိုင်ရန် စီစဉ်ခဲ့သည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံး မြေနေရာအား ရယူကာ စီးပွားဖြစ် အထပ်မြင့် အဆောက်အအုံ လုပ်ကိုင်မည့် အစီအစဉ်များကို အကျိုးတူ ပူးပေါင်းလုပ်ဆောင်မည့် ကုမ္ပဏီဘက်က ထုတ်ဖော်ပြောကြားခြင်း မပြုရန် ပြောကြားထားသည့်အတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း တာဝန်ရှိသူ များကလည်း ထုတ်ဖော်မပြောကြားဘဲ လျှို့ဝှက်စွာ လုပ်ဆောင်နေကြကြောင်း သိရသည်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းအတွင်းမှ စတင်ကာ မြန်မာနိုင်ငံ ဆရာဝန်အသင်း ရုံးချုပ်တစ်ခုလုံးကို အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ကာ စီးပွားဖြစ် လုပ်ကိုင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းမည်ဟူသော သတင်းများ စတင်ထွက်ပေါ်ခဲ့ပြီး ယင်းသတင်းများကို ဂျာနယ်များတွင် ဖော်ပြရေးသားခဲ့ကြပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်းဝင် အချို့ကလည်း ကန့်ကွက်သည့် ဆောင်းပါးများ ရေးသားကာ ကန့်ကွက်ခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ ဆရာဝန်အသင်း အသင်းဝင်များ စုပေါင်း၍ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံသို့ ကန့်ကွက်စာများ ပေးပို့ခဲ့သော်လည်း ယင်းအဖွဲ့မှ လုပ်ငန်းများ ဆက်လက်လုပ်ကိုင် ခဲ့သည့်အတွက် အသင်းဝင် ဆရာဝန်အချို့ စုပေါင်းကာ "မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (ယာယီ)" ကို ဖွဲ့စည်းခဲ့ကြောင်းလည်း သိရသည်။

ယင်းယာယီကော်မတီ အနေဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ စီးပွားဖြစ် လုပ်ကိုင်မှုနှင့် ပတ်သက်၍ တရားဝင် ကန့်ကွက်မှုများ ရှိခဲ့သော်လည်း ယင်းအကျိုးတူ ပူးပေါင်းလုပ်ကိုင်မည့် အစီအစဉ်ကို ဗဟိုအလုပ် အမှုဆောင်များ အနေဖြင့် ဆက်လက်လုပ်ကိုင်ရန် လက်ရှိအချိန်အထိ စီစဉ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာအား စီးပွားဖြစ်လုပ်ကိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ အသင်းဝင် ဆရာဝန် အများစုက ကန့်ကွက်မှုများ ရှိခဲ့သော်လည်း မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ပါမောက္ခ ဒေါက်တာမြင့်သောင်းက မြန်မာနိုင်ငံ ဆရာဝန်အသင်း ရုံးမြေနေရာအား ပြည်ပကုမ္ပဏီများ (ပြည်တွင်းကုမ္ပဏီမပါ) ကိုသာ ဖိတ်ခေါ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီသာ လုပ်ဆောင်ရန်ရှိကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ အသင်းသူ အသင်းသား၊ ကိုယ်စားလှယ် အများစုက သဘောတူ လက်ခံပြီးမှသာ လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သတင်းစာ ရှင်းလင်းပွဲများတွင် ထည့်သွင်းပြောကြားခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...