Wednesday, November 6, 2013

၂၀၀၉ ခုနှစ် ဘင်္ဂလားဒေ့ရှ် တပ်တွင်းပုန်ကန်မှုအတွက် စစ်သား ၁၅၀ ထက်မနည်း သေဒဏ်ချမှတ်ခံရ

Wednesday, 06 November 2013



တပ်တွင်းပုန်ကန်သူများကို စီရင်ချက်ချမည့် ဒါကာရှိ အထူးတရားရုံး အပြင်ဘက်တွင် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နှင့် အဓိကရုဏ်း အလျင်အမြန် တုံ့ပြန်ဖြေရှင်းရေး အဖွဲ့ဝင်များ နိုဝင်ဘာ ၅ ရက်က စောင့်ကြပ်နေစဉ် (Photo:AFP)

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၀၉ ခုနှစ် တပ်တွင်းပုန်ကန်မှုနှင့် ပတ်သက်၍ စစ်သား ၈၀၀ ခန့်ကို နိုဝင်ဘာ ၅ ရက်က စီရင်ချက် ချမှတ်ခဲ့ရာ ပထမဆုံး စီရင်ချက်ချသည့် စစ်သား ၂၀၀ ကို ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ်များ ချမှတ်ပြီး ၁၅၀ ထက် မနည်းကို သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်တပ်အရာရှိ ၅၇ ဦး အပါအ၀င် လူ ၇၄ ဦးမှာ ညှဉ်းပန်းနှိပ်စက် မီးရှို့သတ်ဖြတ် ခံရပြီး ၎င်းတို့၏ ရုပ်အလောင်းများကို မိလ္လာကျင်းများအတွင်း ပစ်ချခဲ့သည့် တပ်တွင်းပုန်ကန်မှုတွင် စစ်သား ၈၂၃ ဦး ပါဝင်ပတ်သက်ခဲ့သည်။ တပ်တွင်းပုန်ကန်မှုသည် မြို့တော်ဒါကာရှိ ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်ဌာနချုပ် (BDR) မှ စတင်ကာ နိုင်ငံတစ်ဝန်းရှိ BDR စခန်းများသို့ ပျံ့နှံ့ပြီး နာရီ ၃၀ ကြာမြင့်ခဲ့သည်။

လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုနှင့် အခြားပြစ်မှုစွဲချက်များ တင်ခံထားရသော ယင်းစစ်သားများအနက် အများစုကို သေဒဏ်ပေးရန် အစိုးရ ရှေ့နေများက တောင်းဆိုခဲ့သည်။ အဆိုပါ တပ်တွင်းပုန်ကန်မှုနှင့် ပတ်သက်၍ စစ်သား ၆၀၀၀ နီးပါးကို အထူးတရားရုံးများက ထောင်သွင်းအကျဉ်း ချခဲ့ပြီးဖြစ်သည်။

အဆိုပါ စစ်သား ၈၂၃ ဦးကို ယင်းပုန်ကန်မှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း စစ်ခုံရုံးများက တွေ့ရှိပြီးနောက် တရားစွဲရန်အတွက် အရပ်ဘက် တရားရုံး တစ်ခုက စွဲချက်များ သီးခြားစီ ရွေးထုတ်ခဲ့သည်။ ယင်းပုန်ကန်မှုအတွက် အရပ်သား ၂၃ ဦးလည်း ပူးပေါင်းကြံစည်မှုဖြင့် စွဲချက်တင်ခံ ထားရသည်။

နိုဝင်ဘာ ၅ ရက် တရားစီရင်မှုအတွက် ဒါကာတွင် အထူးတည်ဆောက်ထားသော တရားရုံး ခန်းမအတွင်းသို့ စစ်သားများကို အစောပိုင်း ကတည်းက ထည့်သွင်းခဲ့ကာ ပုန်ကန်မှုအတွင်း သတ်ဖြတ်ခံခဲ့ရသည့် အရာရှိများအနက် ၁၀ ဦး၏ မိသားစုများလည်း တက်ရောက်ခဲ့ကြသည်။ လုံခြုံရေးအတွက် တရားရုံးဝင်း အတွင်းနှင့် အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင် ၂၀၀၀ ခန့် ချထားခဲ့သည်။

သာမန်စစ်သားများကို လစာတိုးမြှင့်ပေးရန်နှင့် ၎င်းတို့အပေါ် ဆက်ဆံရေး ပိုမိုတိုးတက် လာစေရန် တောင်းဆိုမှုများကို လျစ်လျူရှုခြင်းနှင့် ပတ်သက်၍ မကျေနပ်မှုများ မြင့်တက်လာခြင်းကြောင့် ယင်းတပ်တွင်း ပုန်ကန်မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း တရားဝင် စစ်ဆေးမှု တစ်ရပ်က ပြစ်တင်ခဲ့သည်။ ယင်းပုန်ကန်မှုနှင့် ပတ်သက်၍ ကြားနာစစ်ဆေးမှုကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီမှ စတင်ခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာတွင် အဆုံးသတ်ခဲ့ကာ မျက်မြင်သက်သေ ရာနှင့်ချီ တက်ရောက်ခဲ့ရာ ကမ္ဘာ့အကြီးဆုံး ကြားနာစစ်ဆေးမှုတစ်ခု ဖြစ်ခဲ့ကြောင်း ထိပ်တန်းအစိုးရရှေ့နေ ဘဟာရူအစ္စလာမ်က ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...