Thursday, November 14, 2013

ဆရာ၊ ဆရာမများအတွက် လူမှုစီးပွား အခွင့်အလမ်းများ လိုအပ်ဟု ဒုတိယသမ္မတဆို





Thursday, 14 November 2013
ပညာရေး ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများ၏ အရည်အသွေးပိုင်းမှာ အဓိက ကျသောကြောင့် ၎င်းတို့၏ လူမှုစီးပွားရေး အပါအဝင် တစ်သက်တာ ပညာရပ်များ ဆက်လက် သင်ကြားနိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သော ပညာရေး ဆွေးနွေးပွဲ၌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။

သို့သော် ပညာရေး အသုံးစရိတ်ပိုင်း အခက်အခဲများ ရှိနေသောကြောင့် ဦးစားပေး ဆောင်ရွက်သင့်သော ကဏ္ဍများကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးပိုင်း တိုးတက်စေရန် ၎င်းတို့ကိုယ်တိုင် ကြိုးစားရမည့်အပြင် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားရေး အဆောက်အအုံများလည်း လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြော ဆိုသည်။
“ဒီကကျောင်းတွေ၊ တက္ကသိုလ်တွေက အင်မတန် ခံ့ညားတယ်။ ဒါပေမဲ့ ဆရာမတွေ၊ ကျောင်းသားတွေရဲ့ အရည်အချင်းက သူများကို မမီဘူး။ အဲဒီတော့ ဘွဲ့ရ ကျောင်းသားတွေကလည်း သူများတွေကို မမီ နိုင်တော့ဘူး” ဟု ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် ဖွဲ့စည်းထားသော ပညာရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အကြံပြုချက်တွင် ဆရာ၊ ဆရာမများ အပါအ၀င် ပညာရေး ဝန်ထမ်း အားလုံးကို ရာထူးတိုး ပြောင်းရွှေ့ရာတွင် ထင်သာ မြင်သာရှိသော စနစ် ဖြစ်ပေါ်ရန် မူဝါဒတစ်ရပ် ရေးဆွဲရန်နှင့် ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်တင်ရေးအတွက် တိုက်တွန်းထားသည်။

ယင်းအပြင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် လက်ရှိ ဆောင်ရွက်နေသော ပညာရေး မြှင့်တင်မှုများတွင် မူဝါဒရေးရာ ပါဝင်သူ များကို လက်တွေ့ကျကျ စဉ်းစားပြီးမှ လုပ်ဆောင်ကြရန်နှင့် ဦးစားပေး ပြင်ဆင်ရမည့် အပိုင်းများကို ညှိနှိုင်းကြရန် ထပ်မံ တိုက်တွန်းသွားသည်။
“ကျောင်းသား ဗဟိုပြု၊ ကလေးဗဟို ပြု သင်ကြားနည်းကို သွားတာ ဆိုပေမယ့် တကယ် အချိုးချကြည့်ရင် ကျောင်းသားနဲ့ ဆရာ အချိုး မညီမျှသေးတဲ့အတွက် ဒါမျိုးတွေကို ပြန်စဉ်းစားကြည့်ပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

နိုင်ငံတစ်ဝန်း အခြေခံပညာ ဆရာ၊ ဆရာမ ဦးရေသည် ၂၀၁၂-၂၀၁၃ ပညာ သင်နှစ်တွင် ၂၈၃,၅၉၀ ဦး ရှိပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် မူလတန်းပြ ဆရာ၊ ဆရာမ ၂၉,၅၃၅ ဦး ထပ်မံ ခန့်ထားခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

 the voice

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...