Thursday, November 14, 2013

နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ လက်ပုံစံများကို ပြတိုက်တွင် ထိန်းသိမ်းထားမည်





Thursday, 14 November 2013

မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် တိုက်ပွဲဝင်ခဲ့ပြီး ဖမ်းဆီး အကျဉ်းချ ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားများ၏ လက်ကို ပလတ်စတာဖြင့် ပုံစံသွန်းယူကာ ပြတိုက်တစ်ခု ဖွင့်လှစ်၍ ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ဓာတ်ပုံဆရာ ထိန်လင်းက ပြောကြားသည်။

A Show of Hand ဟု အမည်ပေးထားသည့် အဆိုပါ လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးစသူတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ထောင်ဝန်းကျင်၏ လက်များကို ပုံစံသွင်းယူကာ မှတ်တမ်း တင်ထားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့တော် ဗိုလ်အောင်ကျော်လမ်းရှိ Home Media ခန်းမတွင် ပြုလုပ်သည့် ပုံသွန်းလောင်းခြင်း အခမ်းအနားတွင် ၎င်းကယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ယင်းသို့ မှတ်တမ်းတင်ရာတွင် အကျဉ်းသားဟောင်းများ၏ အမည်၊ နေရပ်လိပ်စာ၊ အဖမ်းခံရသည့် ရက်စွဲ၊ ပြန်လည် လွတ်မြောက်သည့် ရက်စွဲစသည့် အချက်အလက် အပြည့်အစုံ ပါဝင်မည် ဖြစ်ပြီး အဆိုပါ လက်ပုံစံများကို ပြတိုက်တစ်ခု ဖွင့်လှစ်သိမ်းဆည်းမည် ဖြစ်ကြောင်း ၎င်းကရှင်ပြသည်။
“ကျိုးနေတဲ့လက်ကို ကျောက်ပတ်တီး ကိုင်ပေးရသလိုပဲ၊ နိုင်ငံရေးသမား ဆိုတာလည်း ကျိုးပဲ့နေတဲ့ နိုင်ငံကို အကောင်းပြန်ဖြစ်အောင် လုပ်ပေးနေတဲ့ သူတွေပါ။ ဒါကြောင့် အခုလိုလုပ်ဖို့ စိတ်ကူးရတာပါ၊ ဒီလက် တစ်ချောင်းစီမှာ ဇာတ်လမ်းတစ်ခုစီ ရှိပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်သူ ဓာတ်ပုံထိန်လင်းက ရှင်းပြသည်။

ယင်းသို့ လက်ပုံစံများ သွန်းလောင်း မှတ်တမ်းတင်ခြင်းကို လွန်ခဲ့သည့် တစ်လဝန်းကျင်က စတင်ခဲ့ပြီး လက်ရှိအချိန်ထိ အကျဉ်းသားဟောင်း ၁၂၀ ကျော်၏ ယာလက်ပုံစံများကို သွန်းယူ မှတ်တမ်းတင်ပြီး ဖြစ်သည့် အပြင် နယ်ဝေးရှိ အကျဉ်းသား ဟောင်းများထံ ကိုယ်တိုင် သွားရောက် ပုံစံယူမည် ဖြစ်ကြောင်း ၎င်း ဆက်လက် ပြောဆိုသည်။

ယခုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် မြန်မာ့ဒီမိုကရေစီ အရေးတွင် နယ်ပယ် အသီးသီးမှာ လူတန်းစား အမျိုးမျိုး ပါဝင်လှုပ်ရှားခဲ့သည့် နိုင်ငံရေး ဖြစ်စဉ် များကို သမိုင်းမှတ်တမ်းအဖြစ် ထိန်းသိမ်းထားနိုင်မည် ဖြစ်ကြောင်း ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးအတွက် မဲဆွယ် လှုပ်ရှားပေးခဲ့မှုဖြင့် လူရွှင်တော် ဇာဂနာနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ဟာသသရုပ်ဆောင် အရိုင်းက ပြောကြားသည်။
“ကိုယ်ကတော့ ဒါကို ထောက်ခံ အားပေးပါတယ်။ မြန်မာနိုင်ငံအတွက် သူတို့တွေ ဘယ်လို ကြိုးစားအားထုတ်ခဲ့တယ်၊ ဘယ်လို အနစ်နာခံခဲ့တယ် ဆိုတာကို နောင်လာမယ့် နှစ်ပေါင်းများစွာမှာ နောင်လာနောက်သားတွေ သိရှိပြီး ဂုဏ်ယူလို့ ရတာပေါ့” ဟု ၎င်းကဆိုသည်။

ယနေ့ကျင်းပသည့် အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်ကြသည့် စာရေးဆရာ၊ သတင်းစာဆရာ ဦးမိုးသူ၊ ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင် (စံရွှေမောင်)၊ ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ ဦးသူရ (ဇာဂနာ)၊ ဦးအရိုင်း၊ ဦးသန့်စင်အောင် (ဓာတ်ပုံဆရာ)၊ ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ဒေါ်ချိုနွယ်ဦးနှင့် ဒေါ်ဥမ္မာတို့ ရှစ်ဦးတို့၏ လက်များကို ပုံစံသွန်းယူခဲ့သည်။

the voice

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...