Monday, November 18, 2013

သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် ဝေဖန်ထောက်ပြ

Monday, 18 November 2013



မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ (၂)၊ အမှတ် (၃၆) မျက်နှာဖုံးတွင် "ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပါတီနိုင်ငံရေး ကင်းဖို့" ဟူ၍ ဖော်ပြထားမှုကို တွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် နိုဝင်ဘာလထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ (၂) အမှတ် (၃၆) က ဝေဖန်ခဲ့သည်။

သမ္မတကြီး ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့သည် လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းရာထူးကို ရယူထားသူများဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၉) (DSA-9) မှ ဆင်းသက်ခဲ့ကြသူများလည်း ဖြစ်သည်။ မြန်မာသံတော်ဆင့် ဂျာနယ်က "ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပါတီနိုင်ငံရေး ကင်းရှင်းဖို့" ဟူသော သတင်းဆောင်းပါး၌ "၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အခမ်းအနားသို့ တက်ရောက်လာရုံ မျှမက ကြံ့ခိုင်ရေး ပါတီအစိုးရ သမ္မတဦးသိန်းစိန်၏ တိုင်းခန်းလှည့်လည် မှုများနောက်သို့ လိုက်ပါ၍ သွားလာနေသည်မှာ ယခင် ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး ဦးဘဌေး၏ အာဏာရ အစိုးရနှင့် နိုင်ငံရေး ပါတီတို့အပေါ် မှန်တမ်းမျှသာ ဆက်ဆံခဲ့ပုံနှင့် များစွာကွာခြား နေပေတော့သည်" ဟု ရေးသားဖော်ပြခဲ့သည်။

မြန်မာသံတော်ဆင့်က "ကမ္ဘာ့နိုင်ငံ အများစုတွင် ပါတီစုံ ရွေးကောက်ပွဲ ကော်မရှင်များသည် သီးခြားရပ်တည်ပြီး ပြည်သူများ အထင်အမြင် လွဲစေသည့် အစိုးရ၊ နိုင်ငံရေး ပါတီများနှင့် ဆက်ဆံ၍ ပူးပေါင်းသွားလာ လှည့်လည်မှု လုပ်ဖို့ပင် ဝေးစွပင်။ အာဏာမရှိသော်လည်း ဘက်လိုက်မှုကင်းသည့် ခုံသမာဓိ ပီသသော သြဇာကြီးသည့် ရွေးကောက်ပွဲ ကော်မရှင်အဖြစ် မြန်မာနိုင်ငံတော်ကြီး၌ တည်ရှိစေချင် လှပါသည်။ ယခုမူကား ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌကြီးများဖြစ်သော သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယကတို့နှင့်အတူ အာဏာရ ကြံ့ခိုင်ရေးပါတီ ညီလာခံသို့ လာရောက်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် အတိုက်အခံ NLD ပါတီနှင့်တော့ ခပ်စိမ်းစိမ်းဖြစ်၍ နေသည်မှာ စဉ်းစားဖွယ်ရာ ဖြစ်ပါသည်" ဟု ဝေဖန်ထောက်ပြ ခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး (ယခင် ဦးပိုင်လီမိတက် ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း)အား သမ္မတ ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီတွင် ယခင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်သိန်းစိုး၏ နေရာတွင် အစားထိုးခဲ့သူ ဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် တံတားဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ယခင် ဦးပိုင်လီမိတက် ဥက္ကဋ္ဌဟောင်း ဦးတင်အေးတွင် စီးပွားရေး လုပ်ငန်းရှင် သားနှစ်ဦးရှိပြီး The Messenger News Journal နှင့် Messenger Daily သတင်းစာတို့ကို ထုတ်ဝေနေသည့် မိုးဆမ်းပန်း မီဒီယာမှာ ၎င်း၏သားဖြစ်သူ ဦးဇော်မင်းအေး ပိုင်ဆိုင်သည့် မီဒီယာဖြစ်သည်။ ဦးတင်အေး၏ သားတစ်ဦးဖြစ်သည့် (ဗိုလ်မှူးဟောင်း) ဦးဥက္ကာအေးမှာလည်း အိမ်ခြံမြေ Developer တစ်ဦးဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတွင် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသော မြေကွက်များ ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

The Messenger News Journal သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာနိုင်သည်ဟု ထင်ကြေးပေး ထောက်ခံခဲ့သော မြန်မာ့အရေး လေ့လာသူ Larry Jagan နှင့် အင်တာဗျူးအား ဖော်ပြခဲ့ဖူးသလို မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ထိုးနှက်သည့် ဆောင်းပါးများကိုလည်း ဖော်ပြခဲ့သည်။

မြန်မာသံတော်ဆင့်က "တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၈(က)၊ ၃၉၈(ခ)(၇)၊ ရည်ညွှန်းပုဒ်မ ၂၃၂ (ဋ) တို့အရ နားလည်ထားသည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီ ကင်းရှင်း၍ ပြည်သူများနှင့် နိုင်ငံရေး ပါတီများအပေါ် မျှတစွာ ဆက်ဆံလုပ်ကိုင်သူများအဖြစ် ရှိစေချင်ပါသည်" ဟု ရေးသားဖော်ပြ ခဲ့သည်။

ထို့အပြင် "ကြံ့ခိုင်ရေးပါတီ ဗဟိုမှ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် သမ္မတဦးသိန်းစိန်က ခန့်အပ်လိုက်ခြင်းနည်းတူ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက မြို့နယ်ကော်မရှင် ဥက္ကဋ္ဌအချို့သည်လည်း ကြံ့ခိုင်ရေးပါတီကိုယ်စား လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲဝင်ခဲ့ခြင်းမှာ လက်ရှိမြန်မာ့ နိုင်ငံရေး၏ သရုပ်သကန်ကို လှစ်ဟပြသနေခြင်းပင်" ဟု ဖော်ပြခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီးနောက် လစ်လပ်မဲဆန္ဒနယ် မြေ ၄၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပခဲ့ရာ မဲဆန္ဒနယ်မြေ အများစုတွင် မဲစာရင်း ကောက်ခံမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး အတိုက်အခံ ပါတီဖြစ်သည့် NLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက မဲပြားများတွင် ဖယောင်းများ သုတ်ထားကြောင်း ဝေဖန်ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်က ဦးဥာဏ်ဝင်းအား တရားစွဲဆိုခဲ့ရာ ဒဏ်ငွေ ကျပ်တစ်ထောင် ပေးဆောင်ရန် နေပြည်တော် ပုဗ္ဗသီရိ တရားရုံးမှ အမိန့်ချမှတ် ခဲ့သည်။

၂၀၁၃ စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကတိပြုထားသည်။


EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...