Friday, December 27, 2013

မြစ်ဆုံစီမံကိန်းအား စာချုပ်ပြင်ဆင် ချုပ်ဆိုခြင်း၊ မချုပ်ဆိုခြင်းအား မြန်မာအစိုးရ၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်လုပ်ဆောင်မည်

Friday, 27 December 2013



မြစ်ဆုံတည်ရှိရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ တန်ဖဲမြစ်ဆုံရွာတွင် မြစ်ဆုံ၏ကျေးဇူးပဲ့တင်သံအခမ်းအနား ပြုလုပ်ခဲ့စဉ်က တက်ရောက်လာသည့် ပြည်သူများအားတွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဆက်လက်လုပ်ဆောင်ခြင်း မပြုရန် တားမြစ်ခံရသည့် မြစ်ဆုံစီမံကိန်းအား စာချုပ်ပြင်ဆင် ချုပ်ဆိုမှုအပေါ် မြန်မာအစိုးရ၏ လမ်းညွှန်ချက် အတိုင်းသာ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း မြစ်ဆုံစီမံကိန်းအား အကောင်အထည် ဖော်ဆောင်နေသည့် CPI ကုမ္ပဏီ၏ အကြီးစားရှယ်ယာ ပိုင်ဆိုင်ထားသည့် ဧရာဝတီမြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကုမ္ပဏီ (ACHC)မှ မန်နေဂျာချုပ်ဖြစ်သူ လီကွမ်းဟွာက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံသားများ၏ ကန့်ကွက်မှုများဖြင့် ကြုံတွေ့နေရသည့် မြစ်ဆုံစီမံကိန်းအား ဆက်လက် လုပ်ဆောင်ရန် CPI ကုမ္ပဏီမှ စီမံကိန်း ရပ်ဆိုင်းမှုပြီးနောက် နှစ်စဉ်ကြိုးပမ်းမှုများ ရှိနေပြီး အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသား ပါတီများအား တရုတ်နိုင်ငံသို့ ခေါ်ဆောင်၍ စီမံကိန်းပြန်လည် လုပ်ဆောင်နိုင်ရေးဆိုင်ရာ ချဉ်းကပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရှိ ကုမ္ပဏီများမှ စီမံကိန်းပေါင်း ၅၃ ခုအတွက် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံခန့် မြှုပ်နှံမှုများ ရှိနေပြီး အဆိုပါစီမံကိန်း အများစုမှာ မြန်မာပြည်သူများ၏ အကျိုးစီးပွားအပေါ် ထိခိုက်မှုများ ရှိနေသည့်အပြင် တရုတ်ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်းလုပ်ဆောင်သည့် လက်ပံတောင်းတောင် စီမံကိန်းတွင် သံဃာတော်များနှင့် ပြည်သူများအား အကြမ်းဖက် နှိမ်နင်းမှုများ ဖြစ်ပေါ်ပြီးနောက် အကျိုးတူစာချုပ် ပြင်ဆင်ချုပ်ဆိုမှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“စာချုပ် ပြင်ဆင်ချုပ်ဆိုဖို့ မချုပ်ဆိုဖို့ ဆိုတာကတော့ မြန်မာအစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်လက် လုပ်ဆောင်ပါမယ်” ဟု လီကွမ်းဟွာက ဆိုသည်။

မြစ်ဆုံစီမံကိန်းအား တရုတ်အစိုးရက ပြန်လည်လုပ်ဆောင်ရန် စီမံနေမှုနှင့် စာချုပ်ပြင်ဆင် ချုပ်ဆိုခြင်းဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “ပြည်သူလူထု နားလည်အောင် စာချုပ်ကို ဘယ်လို ချုပ်ထားတယ်ဆိုတာ ချမပြသေးဘူး။ အကောင်အထည်ဖော်ရေး ကော်မတီကလည်း ဒီစာချုပ်ကို ချမပြဘူး။ ကျွန်မတို့မေးထားတာ ဘယ်လောက်ကြာနေပြီလဲ။ ပွင့်လင်းမြင်သာမှု မရှိသေးဘူး။ ပြည်သူတွေလည်း ထိခိုက်နစ်နာနေတယ်” ဟု ပြောကြားသည်။



ဧရာဝတီမြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကုမ္ပဏီ(ACHC) မှ မန်နေဂျာချုပ်ဖြစ်သူ လီကွမ်းဟွာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

မေခ၊ မလိခနှင့် မြန်မာနိုင်ငံ၏ အသက်သွေးကြော မြစ်ဖြစ်သည့် ဧရာဝတီမြစ် အပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ရှစ်ခုအား အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံမြှုပ်နှံ၍ ရေအားထုတ်လုပ်မှု လုပ်ဆောင် ခဲ့သော်လည်း မြန်မာတစ်နိုင်ငံလုံးအပေါ် ထိခိုက်နစ်နာမှုများ ရှိနိုင်သည့်အတွက် စီမံကိန်း ရပ်ဆိုင်းအပြီး ထိုသို့ရပ်ဆိုင်းမှုကြောင့် CPI အနေဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၅၀ နစ်နာနေရကြောင်း လီကွမ်းဟွာက ဆက်လက် ပြောကြားသည်။

မြစ်ဆုံစီမံကိန်းအား မြန်မာနိုင်ငံတွင် လုပ်ဆောင်နေခြင်းနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ အခြေစိုက်အဖွဲ့ International Rivers မှ မြစ်ဆုံမှ ထွက်ရှိမည့် လျှပ်စစ်မဂ္ဂါဝပ် ၆၀၀၀ ၏ ရာခိုင်နှုန်း ၉၀ အား တရုတ်နိုင်ငံမှ ရယူမည်ဖြစ်ပြီး ထိုကဲ့သို့ ရယူထားမှုကြောင့် တရုတ်နိုင်ငံသည် စီမံကိန်းမှ ရာခိုင်နှုန်း ၇၀ အထိ အကျိုးအမြတ် ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...