Sunday, December 22, 2013

မကြာမီကာလအတွင်း နိုင်ငံရေးအကျဉ်းသားအချို့ အပါအ၀င် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူများ ပြန်လည်လွတ်မြောက်လာဖွယ်ရှိ

 Sunday, 22 December 2013


ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သော လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီအစည်းအဝေးအပြီး ကော်မတီဝင်များအား တွေ့ရစဉ်

မကြာမီကာလအတွင်း နိုင်ငံရေးအကျဉ်းသားအချို့အပါအ၀င် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူများ ပြန်လည်လွတ်မြောက်လာဖွယ်ရှိကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင်များ၏ ပြောကြားချက်အရ သိရသည်။

ဒီဇင်ဘာ ၂၁ ရက်က Myanmar Peace Centre တွင် ပြုလုပ်သည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ၏ အပတ်စဉ်အစည်းအဝေးအပြီးတွင် ကော်မတီဝင်များက ထို့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ဒီနေ့ကျွန်တော်တို့ ဆွေးနွေးကြတဲ့အထဲမှာလည်း ဒီပုဂ္ဂိုလ်တွေ ထောက်လှမ်းရေး၊ အကောက်ခွန်တင်မကဘဲ ထောင်ထဲမှာနှစ်ကြာနေတဲ့သူတွေ နှစ်ရှည်နေတဲ့သူတွေကို လူသားချင်းစာနာမှု ရှုထောင့်ကနေ လွှတ်ပေးဖို့ ဒါဟာကျွန်တော်တို့ကော်မတီနဲ့တော့ မဆိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကော်မတီ အနေနဲ့ သူတို့ကို လွှတ်ပေးဖို့ကိစ္စကို ဆွေးနွေးထားတာရှိပါတယ်။ ဒါပေမယ့် သူတို့တွေလည်း လာမယ့် လွတ်ငြိမ်းချမ်းသာခွင့်တွေထဲမှာ ပါဝင်လာနိုင်ပါတယ် " ဟု ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးက ဆိုသည်။

ထို့ပြင် လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေးကော်မတီအနေဖြင့် အဆိုပါပုဂ္ဂိုလ်များအား အခြားသောခေါင်းစဉ်ဖြင့် လွှတ်ပေးပါက ကန့်ကွက်စရာမရှိသော်လည်း နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ရန်မှာမူ မဖြစ်နိုင်ကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေးကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က " ဘာပဲဖြစ်ဖြစ်ပေါ့။ လွှတ်သင့်လွှတ်ထိုက်တဲ့ လူတွေလွတ် ကြမှာပေါ့။ နိုင်ငံရေးအကျဉ်းသားလည်း လွတ်မယ်။ နိုင်ငံသားအကျဉ်းသားတွေလည်း မတိမ်းမယိမ်းလွတ်ကြမှာပေါ့။ မိသားစုအတွက်တော့ ဘာပြောပြောပြန်လည်ပေါင်းစည်းနိုင်တဲ့အတွက်ကို ၂၀၁၄ မှာတော်တော်များများ ရကြမှာပေါ့။ ဒီအတွက်ကို သမ္မတကြီးကို ကျေးဇူးတင်ရမှာပေါ့။ သမ္မတကြီးကို တင်ပြပေးတဲ့ ဒီလက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်း ကိုလည်း ကျေးဇူးတင်ရမှာပေါ့။ ဒီအခြေအနေမျိုးရောက်ဖို့ဆိုတာ တော်တော်ခြေလှမ်းလှမ်းခဲ့ကြရတာကို။ နောက်တစ်ကြိမ်မှာလည်း ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းတွေကို ပိုပြီးတော့ လုပ်နိုင်ဖို့အတွက် အားလုံးက၀ိုင်းကြိုးစားရမှာပေါ့ " ဟု ဆိုသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေးကော်မတီ၏စိစစ်မှုဖြင့် လွတ်မြောက်သွားသော နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ရှိပြီး ကော်မတီအဖွဲ့ဝင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် AAPP တို့မှ စုစည်းထားသည့် စာရင်းများအရ နိုင်ငံရေးနှင့်ဆက်နွှယ်၍ လတ်တလောအမှု ရင်ဆိုင်နေရသူ ၂၀၀ ကျော်ရှိကာ ယခင်အစိုးရလက်ထက်နှင့် လက်ရှိအစိုးရလက်ထက် နှစ်ခုပေါင်းထောင်ကျနေသူ ၄၄ ဦးရှိကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...