Sunday, December 22, 2013

မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ တရားဝင်စက်သုံးဆီတင်သွင်းမှု ကျဆင်းနေပြီး မှောင်ခိုလမ်းကြောင်းမှ တင်သွင်းမှုများနေ

Sunday, 22 December 2013


သောင်းရင်းမြစ်ကိုဖြတ်၍ ဆီမှောင်ခိုတင်သွင်းရန် ပိုက်လိုင်းသွယ်တန်းထားသည်ကို တွေ့ရစဉ်

ထိုင်း-မြန်မာနယ်စပ်ဒေသရှိ အဓိကကုန်သွယ်ရေးဇုန်ဖြစ်သော မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရားဝင် စက်သုံးဆီတင်သွင်းမှုကျဆင်းနေပြီး အထူးသဖြင့် မှောင်ခိုလမ်းကြောင်းမှသာ တဖက်ထိုင်းနိုင်ငံမှ တစ်ဆင့်တင်သွင်းမှု များပြားနေကြောင်း သတင်းရရှိသည်။

နယ်စပ်ကုန်သွယ်ရေးတွင်မူ ပစ္စည်းအမယ် တော်တော်များများအား သွင်းကုန်နှင့်ပို့ကုန်အတွက် လိုင်စင်လျှောက်စရာမလိုသော ကုန်ပစ္စည်းအဖြစ် သတ်မှတ်ပေးထားပြီး သွင်းကုန်တွင်မူ ကုန်ပစ္စည်း ၁၉၂၈ မျိုး၊ ပို့ကုန်တွင် ၁၅၂ မျိုးကို လိုင်စင်ကင်းလွတ်ခွင့်ပေးထားကြောင်း၊ ယင်းကဲ့သို့ ကင်းလွတ်ခွင့်ပေးသည့်ပုံစုံမှာ HS code အမျိုးအစားဖြင့် ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။

"နယ်စပ်ကနေပြီးတော့ အရက်၊ ဘီယာ၊ စီးကရက်ကလွဲရင် တင်သွင်းမှုပိတ်ထားတာ မရှိပါဘူး။ ဒီမှာ မြ၀တီကုန်သွယ်ရေးဇုန်ကနေ တစ်ရက်ကို ကုန်ကားအစီး ၁၀၀ ကျော်၊ ၁၅၀ လောက်တော့ဝင်တယ်။ ကုန်သွယ်ရေးက အရင်နှစ်တွေထက်စာရင် တိုးတက်တယ်လို့ပြောရမှာပါ။ ဒါပေမဲ့လည်း မှောင်ခိုတွေများနေတဲ့အပိုင်းလည်း ရှိတယ်။ ဒါတွေထိန်းချုပ်ဖို့ခက်တယ်။ လုပ်တာတော့ အဖွဲ့အစည်းတွေနဲ့ ချိတ်လုပ်နေကြတာ။ စက်သုံးဆီဆိုရင်လည်း အဖွဲ့အစည်းတွေကပဲလုပ်တာ။ ပြီးတော့ နွားတင်ပို့တွေလည်းရှိတယ်။တစ်ရက်ကို နွားက အကောင် ၇၀၀ နဲ့ ၁၀၀၀ ကြားသွားနေတာ။ စက်သုံးဆီအနေနဲ့ကတော့ တရားဝင်သွင်းတာလာလည်းရှိတယ်။
တရားမ၀င်သွင်းတာက ဘေးကွင်းလမ်းကနေသွားကြတယ်။ ဆိုကြပါစို့ စက်သုံးဆီကို တင်သွင်းတဲ့အခါ ၁၂ ဘီးကားတစ်စီးကဆိုရင် ပေပါအနည်းဆုံး ၂၂၀ ဆံ့တယ်။ ၂၂၀ ဆိုရင် ဂါလန်အနည်းဆုံး ၁၁၀၀၀ ဆံ့တယ်။ ၁၁၀၀၀ ဆိုရင် ပေါက်ဈေးနဲ့ဆိုရင် ကျပ်သိန်း ၄၄၀ လောက်ရှိတယ်။ ဆောင်ရမယ့်အခွန်က အကောက်ခွန်က ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ကုန်သွယ်ခွန်က ၁၀ ရာခိုင်နှုန်း၊ ၀င်ငွေခွန်က ၂ ရာခိုင်နှုန်းဆိုတော့ ၁၃ ဒသမ ၅ ရာခိုင်နှုန်း၊ ကားတစ်စီးကို သိန်း ၅၀ လောက်ဆောင်ရမယ်။ ဆိုတော့ တရားဝင်လမ်းကြောင်းကမသွားတော့ဘဲ ကွင်းလမ်းကသွားတယ်။ နိုင်ငံတော်အတွက်တော့ အခွန်နစ်နာပါတယ်"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဧပြီလမှ နိုဝင်ဘာလအထိ စုစုပေါင်းကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၁၁၆ ဒသမ ၈၈၂ ဒေါ်လာသန်းရှိခဲ့ပြီး ယခုနှစ် ၂၀၁၃-၂၀၁၄ ခုနှစ်တွင်မူ ဧပြီလမှ နိုဝင်ဘာအထိ စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၈၄ ဒသမ ၉ သန်းရှိခဲ့သောကြောင့် ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ၆၈ ဒသမ ၀၂၅ သန်း ပို၍ကုန်သွယ်မှုပြုနိုင်ကြောင်း သိရသည်။
ယင်းကဲ့သို့ ကုန်သွယ်မှုပမာဏ တိုးတက်နေသော်လည်း နယ်စပ်ဒေသများတွင် မှောင်ခိုလမ်းကြောင်းမှ သွားနေမှုများကို တားဆီးရန်အခက်အခဲရှိနေခြင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းသောကြောင့် ယင်းကဲ့သို့ မှောင်ခိုများ အားကောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

"ဒီလိုနယ်စပ်ဒေသမှာ မှောင်ခိုတွေသွားနေတာ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်တယ်။ ဒါကြောင့် မှန်မှန်ကန်ကန် ငြိမ်းချမ်းရေးရဖို့လိုပါတယ်။ တရုတ်နယ်စပ်ဆိုရင်လည်း တရုတ်နယ်စပ်မို့လို့၊ ထိုင်းနယ်စပ်လည်း ထိုင်းနယ်စပ်မို့၊ မြန်မာနိုင်ငံမှာ အစိုးရရှိတယ်ဆိုပေမယ့် အစိုးမရတဲ့နေရာတွေ အများကြီးပဲ။ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိနေတော့ သူတို့ရပ်တည်ရေးအတွက် သူတို့ကလည်း ငွေရှာဖို့လိုလာတယ်။ အစိုးရဘက်ကလည်း သူတို့ပြည်နယ်ထဲမှာ နိုင်ငံခြားကုမ္ပဏီတွေကို လုပ်ကွက်တွေချပေးတော့ သူတို့ကလည်း သူတို့ရပိုင်ခွင့်လို့ထင်တယ်။ သူတို့ဘက်ကလည်း ထင်စရာရှိတယ်။ အခုကရတဲ့သူကရသလို လုပ်ယူတဲ့သဘောဖြစ်သွားပြီ။ အဲဒီတော့ အားလုံးက ရသလောက်ယူနေကြတာ မြေစာပင်ကတော့လူထုပဲ" ဟု မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကဆိုသည်။ မှောင်ခိုကုန်တားဆီးရေးအတွက် Mobile Team အဖွဲ့အား ဖွဲ့စည်း၍ ဆောင်ရွက်နေသော်လည်း မှောင်ခိုကုန်ကူးမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...