Sunday, December 22, 2013

တရုတ်နှင့် တရားဝင်နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုံးဘီလျံနီးပါး ရရှိထားပြီး ယခင်နှစ်ကုန်သွယ်မှုထက် ပိုမိုရရှိ



Sunday, 22 December


မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

တရုတ်နှင့် တရားဝင်နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုံးဘီလျံနီးပါး ရရှိခဲ့ပြီး ယခင်နှစ်ကုန်သွယ်မှုပမာဏထက် နှစ်ဘီလျံနီးပါး ပိုမိုရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးတို့မှ တရုတ်နှင့်ကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကာလအတွင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၇၈ ဒသမ ၄၆၆ သန်းဖြစ်ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၉၃၈ ဒသမ ၀၁၆ သန်းနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉၄၀ ဒသမ ၄၅ သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာ ၁၃ ရက်အထိ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၇၉ ဒသမ ၃၈၂ သန်းသာ ရှိခဲ့သောကြောင့် လက်ရှိဘဏ္ဍာရေးနှစ်ကုန်သွယ်မှုမှာ နှစ်ဘီလျံနီးပါး ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် ကုန်သွယ်မှုဆောင်ရွက်ရန် ဖွင့်လှစ်ထားသည့် နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်းအလိုက် ကုန်သွယ်မှုတွင် မူဆယ်မှအများဆုံးဆောင်ရွက်နိုင်ခဲ့ပြီး ချင်းရွှေဟော်နယ်စပ်စခန်းမှ ဒုတိယအများဆုံး ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများတွင် တရားမ၀င်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန်အတွက် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့များ ဖွဲ့စည်းကာ တားဆီးအရေးယူမှုများ ပြုလုပ်နေခြင်း၊ နယ်စပ်ဒေသနေ ဒေသခံပြည်သူများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုဆောင်ရွက်နိုင်ရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်/ သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကတ် ပြုလုပ်စေပြီး ကုန်သွယ်မှု ပြုလုပ်ခွင့်ပေးခဲ့ခြင်းများကြောင့်လည်း ကုန်သွယ်မှု တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမှုပ်နှံမှုကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန်လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ၂၀ ရာခိုင်နှုန်းနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၈၀ ရာခိုင်နှုန်း ကုန်သွယ်မှုပြုနိုင်ရန် လျာထားကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်နိုင်ရန် ၁၉၉၄ ခုနှစ်တွင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ထိုင်း၊ တရုတ်နယ်စပ်များတွင် ကုန်သွယ်ရေးစခန်းများ ထပ်မံဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...