Monday, December 16, 2013

အမေရိကန်နိုင်ငံမှ ပက်ပ်စီလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုထားသည့် ကိုရီးယားအခြေစိုက် Lotte Chilsung ကုမ္ပဏီ မြန်မာနိုင်ငံတွင် အဖျော်ယမကာ ဖြန့်ဖြူးရောင်းချမည်


  Created on Sunday, 15 December 2013 18:29



ပြည်တွင်းဈေးကွက်အတွင်း ရောင်းချနေသည့် ပြည်တွင်းပြည်ပထုတ် အချိုရည်များအား တွေ့ရစဉ်

အမေရိကန်မှ ပက်ပ်စီထုတ်လုပ်သည့် လုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုထားသည့် ကိုရီးယားအခြေစိုက် Lotte Chilsung ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် အဖျော်ယမကာ ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ထုတ်ကုန်များအား မြန်မာဈေးကွက်တွင် ဖြန့်ဖြူးရောင်းချရန်အတွက် ရုံးခွဲဖွင့်လှစ်ခွင့်ကို Lotte Chilsung Beverage Co., Ltd အမည်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ One Stop Service စနစ်ဖြင့် လျှောက်ထားခဲ့ရာ ဒီဇင်ဘာ ၁၀ ရက်တွင် ယာယီဖွဲ့စည်းမှတ်ပုံတင်ခွင့် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

Lotte Chilsung ကုမ္ပဏီမှ သောက်ရေသန့်၊ အချိုရည်မျိုးစုံ၊ အားဖြည့်အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်နှင့် အရက်ပါဝင်သည့် အဖျော်ယမကာ စသည်ဖြင့် ထုတ်ကုန်မျိုးစုံ ထုတ်လုပ်ကာ ဂျပန်၊ အမေရိကန်၊ တရုတ်၊ ဗီယက်နမ်နှင့် ရှရှားစသည့် နိုင်ငံပေါင်း ၃၀ ၏ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး အာရှဈေးကွက်တွင် Top 10 စာရင်းဝင်သည့် အများပိုင် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

ရုံးချုပ်မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် တည်ရှိပြီး ၁၉၅၀ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ ကုမ္ပဏီမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများကို လက်လီလက်ကား ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းကို လုပ်ကိုင်နေပြီး ၁၉၈၉ ခုနှစ်တွင် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်သည့် ပက်ပ်စီထုတ်လုပ်သည့် လုပ်ငန်းဖြင့် လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး တရုတ်၊ ဖိလစ်ပိုင်နှင့် ရှရှားနိုင်ငံတို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။

နိုဝင်ဘာလ အတွင်း၌ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် အတွင်းရှိ Dagon Center 1 မြေညီထပ်တွင် ပီဇာ၊ အီတလီခေါက်ဆွဲနှင့် ရေခဲမုန့် ပြုလုပ်၍ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို မြန်မာ၊ ထိုင်းနှင့်ဟောင်ကောင် ကုမ္ပဏီတို့မှ ဖက်စပ်မြှုပ်နှံ လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး မေလအတွင်းက စင်ကာပူ ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီဖြစ်သည့် Alliance Brewery Co.,Ltd. တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် Heineken တံဆိပ်ဘီယာ၊ ဆိုဒါ၊ အရက်မပါဝင်သော အဖျော်ရည်နှင့် ဆက်စပ်အဖျော်ရည်များ ထုတ်လုပ်ရောင်းချခွင့်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...