Monday, December 16, 2013

ဆေးဝါးလိုအပ်ချက် ရှိနေသည့် ဆေးယဉ်ပါး တီဘီဝေဒနာရှင်များအတွက် လာမည့်နှစ်အတွင်း UNITAID အဖွဲ့မှ အကူအညီများ ဆက်လက်ပေးသွားမည်

Monday, 16 December 2013



ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါကုဆေးရုံ (အောင်ဆန်း) တွင် တက်ရောက်ကုသနေသည့် ဝေဒနာရှင် တစ်ဦးအား တွေ့ရစဉ်

ဆေးဝါးလိုအပ်ချက် ရှိနေသည့် ဆေးယဉ်ပါး တီဘီဝေဒနာရှင်များအတွက် UNITAID အဖွဲ့မှ လာမည့်နှစ်အတွင်း အကူအညီများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။

UNITAID အဖွဲ့ အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ဆေးယဉ်ပါး တီဘီလူနာများအတွက် နောက်ဆုံးပေါ် မော်လီကျူးအဆင့် ရောဂါရှာဖွေရေးစက် (Gene Xpert Machine) များကို တီဘီရောဂါ တိုက်ဖျက်ရေးဌာန(ရန်ကုန်) အပါအ၀င် လားရှိုး၊ တောင်ကြီးနှင့် မကွေးတိုင်းဒေသကြီးများတွင် တပ်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်များကို UNITAID အဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေသည့် 'ကမ္ဘာ့ဆေးယဉ်ပါး တီဘီရောဂါရှာဖွေစစ်ဆေးခြင်း စီမံချက်' မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ယင်းစက်သည် ဆေးယဉ်ပါးရောဂါ ဟုတ်မဟုတ် စစ်ဆေးမှုအတွက် အချိန်နှစ်နာရီခန့်သာ ကြာမြင့်မည်ဖြစ်သည်။

UNITAID အဖွဲ့ အနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ မှီငြမ်းပြု တီဘီရောဂါ ဓာတ်ခွဲဌာနများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၌ အကူအညီများပေးခဲ့ပြီး ယင်းဌာနခွဲများမှ လာမည့် ၂၀၁၄ ခုနှစ်တွင် ဆေးယဉ်ပါး တီဘီရောဂါ ဝေဒနာရှင် ၂၄၀၀ ခန့်ကို ရှာဖွေတွေ့ရှိနိုင်ရန် မျှော်မှန်းထားကြောင်းနှင့် ဆေးယဉ်ပါး တီဘီဝေဒနာရှင် စုစုပေါင်းအနက်မှ ထက်ဝက်ခန့်၏ ဆေးဝါးကုန်ကျမှု စရိတ်အပါအ၀င် ဆေးယဉ်ပါး တီဘီနှင့်ဆိုင်သည့် လုပ်ငန်းများအတွက် ယင်းအဖွဲ့မှ ၂၀၁၃ ခုနှစ် အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ပံ့ပိုးထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဆေးယဉ်ပါး တီဘီဖြစ်ပွားမှု ရှိမရှိ ၂၀၀၂ ခုနှစ်တွင် စတင်စမ်းသပ်ခဲ့ပြီး ယင်းနှစ်၌ပင် တီဘီဝေဒနာရှင် ၁၀၀ လျှင် လေးဦးခန့် ဆေးယဉ်ပါးဖြစ်ပွားမှု ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ထပ်မံစစ်ဆေးရာ တီဘီဝေဒနာရှင် ၁၀၀ လျှင် လေးဦးကျော်အထိ ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တီဘီလူနာသစ်များတွင် လက်ရှိဆေးယဉ်ပါးတီဘီ ဖြစ်ပွားနှုန်းမှာ ၄ ဒသမ ၂ ရာခိုင်နှုန်းခန့်ရှိပြီး တီဘီလူနာဟောင်းများတွင်မူ ၁၀ ရာခိုင်နှုန်းခန့် ရှိကြောင်းနှင့် ခန့်မှန်းတွက်ချက်မှုများအရ အသက် ၁၅ နှစ်နှင့်အထက် လူတစ်သိန်းလျှင် သလိပ်ပိုးတွေ့ တီဘီရောဂါ ဖြစ်ပွားသူဦးရေ ၂၄၀ ကျော်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် Global Fund to Fight AIDS, TB and Malaria (GFATM) နှင့် Three Millennium Development Goal Fund (3MDG Fund) တို့မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် ထောက်ပံ့မှု အစီအစဉ်အရ နှစ်တိုစီမံကိန်းဖြင့် ရောဂါသုံးမျိုး ကမ္ဘာ့ရန်ပုံငွေ (GFATM) မှ ၂၀၁၃-၂၀၁၆ ခုနှစ်အတွင်း တီဘီရောဂါအတွက် အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၃ သန်းကို လည်းကောင်း၊ 3MDG Fund မှ တီဘီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်းခန့်ကိုလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

UNITAID အဖွဲ့အစည်းကို ဘရာဇီးလ်၊ ချီလီ၊ ပြင်သစ်၊ နော်ဝေနှင့် ယူကေနိုင်ငံများ စုပေါင်း၍ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်၊ ငှက်ဖျားနှင့် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၉၄ နိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...