Monday, January 13, 2014

ဟိုတယ်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားမှုများ ရှိသော်လည်း မြိတ်ကျွန်းစု တောင်ပိုင်းကျွန်းတိုင်းတွင် ဟိုတယ်တည်ဆောက်မည်ဆိုသော သတင်းမှာ မဟုတ်မှန်



Monday, January 13, 2014
ဇော်မိုးဦး(မြိတ်)

မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းတစ်ကျွန်း၌ ဆိုက်ကပ်ထားသော ငါးဖမ်းလှေများ


တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြိတ်ကျွန်းစု တောင်ပိုင်းဒေသများတွင် ပြည်တွင်း၊ ပြည်ပမှ ဟိုတယ်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားမှုများ ရှိသော်လည်း ကျွန်းတိုင်းတွင် ဟိုတယ်တည်ဆောက်မည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြိတ်ကျွန်းစုတောင်ပိုင်းရှိ ကျွန်းများမှာ သဘာဝအတိုင်း ကျန်ရှိနေသည့် ကျွန်းများဖြစ်သောကြောင့် နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားမှုများပြားကာ လုပ်ငန်းရှင်များမှလည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။

“ကမ်းလှမ်းထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ တစ်ကယ်တမ်း လာလုပ်တဲ့သူတွေက အရမ်းနည်းပါတယ်။ ကျွန်တော်တို့လည်း လာရောက်ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုပါတယ်။ ဒေသဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့လည်း ဒီလိုကမ်းလှမ်းမှုကို လက်ခံပါတယ်။ ဒါပေမဲ့ ကမ်းလှမ်းတာပဲရှိပြီး လက်တွေ့မှာ လာလုပ်ကြတဲ့သူတွေ အရမ်းနည်းပါတယ်။ ကျွန်းတိုင်းမှာ ဟိုတယ်ဆောက်ဖို့ မပြောနဲ့ လန်ပိကျွန်းတန်းနား တစ်ဝိုက်ကိုပဲ ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားနေကြတာပဲဖြစ်တယ်” ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းတိုင်းတွင် ဟိုတယ်များတည်ဆောက်မည်ဟု တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်ဝန်ကြီးမှ ပြောကြားကြောင်း သတင်းများပျံ့နှံ့နေပြီး အဆိုပါသတင်းများမှာ မဟုတ်မှန်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“မြိတ်ကျွန်းစုမှာ ကျွန်းပေါင်းက ၈၀၀ ကျော်ရှိပါတယ်။ ဘယ်လိုလုပ် ကျွန်းတိုင်းမှာ ဟိုတယ်ဆောက်လို့ ရမှာလည်း လန်ပိကျွန်း၊ ခရင်းခွကျွန်းတို့လို ရေအောက်သန္တာကျောက်တန်းတွေကို လေ့လာတာတွေ၊ လှပတဲ့သဲသောင်တွေမှာ အပန်းဖြေတာတွေ၊ ဆလုံတိုင်းရင်းသားတွေရဲ့ နေထိုင်မှုပုံစံတွေ စတဲ့သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းထားတာတော့ ရှိပါတယ်။ ပြည်ပမှာဆိုရင် သြစတြေးလျနိုင်ငံက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လန်ပိကျွန်း၊ ခရင်းခွကျွန်းနှင့် ဇာဒက်ကြီးကျွန်းများမှာ နိုင်ငံခြားခရီးသွားများ မကြာခဏ လာရောက်လည်ပတ်လေ့ရှိသည့် ကျွန်းများဖြစ်ပြီး လန်ပိကျွန်းတန်းကြီးမှာ မြန်မာပြည်၏ တစ်ခုတည်းသော အဏ္ဍ၀ါအမျိုးသား ဥယျာဉ်ကြီးဖြစ်ကြောင်း သိရသည်။ မြိတ်ကျွန်းစုတွင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ရွံ့မြေများ၊ ရွံ့ဆန်သောကမ်းခြေများ ပေါများကာ တောင်ပိုင်းဒေသဖြစ်သည့် ကော့သောင်းအပိုင် ကျွန်းတန်းများမှာ လှပသည့်ကျွန်းများ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...