Monday, January 13, 2014

မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူပြီးနောက် ပထမဆုံးပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အကြောင်းအရာသုံးရပ်ကို အဓိကဦးတည် ဆွေးနွေးမည်

Monday, January 13, 2014
နေထွန်းနိုင်

ဇန်န၀ါရီ ၁၇ ရက်တွင် ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ်များအား ကြိုဆိုထားသည့်မုခ်ဦးကို တွေ့ရစဉ်


မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူပြီးနောက် ပထမဆုံးပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEAN Foreign Ministers Retreat) ကို ဇန်န၀ါရီ ၁၆ ရက်နှင့် ၁၇ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားပြီး အစည်းအဝေးတွင် အကြောင်းအရာသုံးရပ်ကို အဓိကဦးတည် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ပထမဆုံး

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီးနောက် ၁၇ နှစ်တာကာလအတွင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ်အချိန်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူရန် အခွင့်အရေး ပေါ်ပေါက်ခဲ့သော်လည်း ထိုအချိန်က မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအ၀င် အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက ကန့်ကွက်ခဲ့ကြသဖြင့် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လက်လွှတ်ခဲ့ရသည်။ ထို့အတွက် မြန်မာနိုင်ငံ၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံက ရယူခဲ့သည်။

သို့သော် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ တာဝန်ယူခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားချိန် ၂၀၁၁ ခုနှစ်၌ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူရန် ကြိုးပမ်းခဲ့သည်။ အဆိုပါ ကြိုးပမ်းမှု၏ ရလဒ်အနေဖြင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာက အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးပွဲတွင် မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ပေးရန် အာဆီယံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာက ပြုလုပ်ခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် သမ္မတဦးသိန်းစိန်က ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို တရားဝင်ရယူခဲ့သည်။

ခရေဆယ်ပွင့်နှင့် အရှည်လျားဆုံးဆောင်ပုဒ်

မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူချိန်တွင် အသုံးပြုမည့် အာဆီယံအထိမ်းအမှတ် အမှတ်အသား (logo) မှာ အာဆီယံ အမှတ်တံဆိပ်အား ခရေပန်းဆယ်ပွင့်ဖြင့် ၀န်းရံထားသည့် ပုံသဏ္ဌာန်ဖြင့် ဖော်ကျူးခဲ့သည်။


အဆင့်မြင့် အရာရှိတွေနဲ့ အမြဲတမ်းကိုယ်စားလှယ်တွေက ဇန်န၀ါရီ ၁၄ မှာ ရန်ကုန်ရောက်မယ်။ ၁၅ ရက်မှာ ပုဂံရောက်ပြီး ၁၆ ရက်မှာ အစည်းအဝေးလုပ်မယ်။ နိုင်ငံခြားရေး ၀န်ကြီးတွေက ၁၅ ရက်နေ့မှာ ရန်ကုန်ရောက်ပြီး ၁၆ ရက်မှာ ပုဂံရောက်မယ်။ ၁၇ ရက်မှာ အစည်းအဝေးလုပ်ပြီး ၁၈ ရက်မှာ ပြန်ကြမယ်” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထူးက . . . . .

အလှည့်ကျ ဥက္ကဋ္ဌတာဝန်အရ မြန်မာနိုင်ငံအတွက် ရွေးချယ်ပေးခဲ့သည့် အာဆီယံကြွေးကြော်သံဆောင်ပုဒ်မှာ အာဆီယံသမိုင်းတစ်လျှောက် အရှည်လျားဆုံး ဆောင်ပုဒ်တစ်ခုဖြစ်သည်။ ထိုဆောင်ပုဒ်ကို ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သော အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဆောင်ပုဒ်အပြည့်အစုံမှာ Moving forward in unity towards a peaceful and prosperous Community ဖြစ်ပြီး ‘ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်းဆီ’ ဟူ၍ မြန်မာဘာသာဖြင့် ဖွင့်ဆိုခဲ့သည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရရှိပြီးနောက် မြန်မာနိုင်ငံ၌ ပထမဆုံးပြုလုပ်မည့် အစည်းအဝေးမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖြစ်သည်။

ထိုအစည်းအဝေးကို ဇန်န၀ါရီ ၁၅ ရက်မှ ၁၈ ရက်အထိ ပြုလုပ်ရန် သတ်မှတ်ထားပြီး ညောင်ဦးခရိုင်၊ ပုဂံမြို့၊ ရွှေနန်းတော်ဟိုတယ်၊ နန်းမြင့်ဆောင်၌ ပြုလုပ်မည်ဖြစ်သည်။

လေးရက်ကြာပြုလုပ်ရန် သတ်မှတ်ထားသော်လည်း အစည်းအဝေး၏ အဓိကဖြစ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇန်န၀ါရီ ၁၇ ရက် တစ်ရက်တည်းသာ ပြုလုပ်မည်ဖြစ်သည်။ ဇန်န၀ါရီ ၁၆ ရက်တွင် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ အစည်းအဝေးနှင့် အာဆီယံအဆင့်မြင့် အရာရှိများ (Prep-SOM) အစည်းအဝေးကို ပြုလုပ်မည်ဖြစ်သည်။ “အဆင့်မြင့် အရာရှိတွေနဲ့ အမြဲတမ်းကိုယ်စားလှယ်တွေက ဇန်န၀ါရီ ၁၄ မှာ ရန်ကုန်ရောက်မယ်။ ၁၅ ရက်မှာ ပုဂံရောက်ပြီး ၁၆ ရက်မှာ အစည်းအဝေးလုပ်မယ်။ နိုင်ငံခြားရေး ၀န်ကြီးတွေက ၁၅ ရက်နေ့မှာ ရန်ကုန်ရောက်ပြီး ၁၆ ရက်မှာ ပုဂံရောက်မယ်။ ၁၇ ရက်မှာ အစည်းအဝေးလုပ်ပြီး ၁၈ ရက်မှာ ပြန်ကြမယ်” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထူးက Weekly Eleven သတင်းဂျာနယ်သို့ ပြောကြားသည်။

အဓိကအကြောင်းအရာ သုံးရပ်

ပုဂံမြို့တွင် ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ ကြိုတင်သတ်မှတ်ခဲ့ခြင်း မရှိကြောင်း သိရသည်။ သို့ရာတွင် ဦးတည်ဆွေးနွေးရမည့် အဓိကအကြောင်းအရာ သုံးရပ်ကို အလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံဘက်က ကြိုတင်ရေးဆွဲထားကြောင်း သိရသည်။

ထိုအကြောင်းအရာ သုံးရပ်မှာ (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် ချမှတ်ခဲ့သော အကြောင်းနောက်ဆက်တွဲများကို ဆွေးနွေးခြင်း၊ ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အမြုံ (ASEAN Community) အလွန် မျှော်မှန်းချက်များနှင့် အာဆီယံ ပြင်ပဆက်ဆံရေး၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု သိရသည်။

“နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရော၊ အာဆီယံ အမြဲတမ်းကိုယ်စားလှယ် အစည်းအဝေးရော၊ အဆင့်မြင့် အရာရှိများ အစည်းအဝေးရော ဒီသုံးခုလုံးက မြန်မာက ဥက္ကဋ္ဌတာဝန်ယူပြီး ပထမဆုံးလုပ်တဲ့ အစည်းအဝေးတွေ ဖြစ်ပါတယ်” ဟု ဦးအောင်ထူးက ပြောကြားသည်။

မေလထိပ်သီးအတွက် ကြိုတင်ပြင်ဆင်

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး အာဆီယံ အဆင့်မြင့်အရာရှိများ၏ အစည်းအဝေးများကို မြန်မာနိုင်ငံ၌ ဆက်တိုက်ပြုလုပ်ရန်ရှိကြောင်း သိရသည်။ ထိုအစည်းအဝေးများသည် မေလတွင် နေပြည်တော်၌ ပြုလုပ်ရန် စီစဉ်ထားသော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲအတွက် အကြိုပြင်ဆင်သည့် အစည်းအဝေးများ ဖြစ်လာမည်ဟု ဦးအောင်ထူးကဆိုသည်။


ဇန်န၀ါရီ ၁၇ ရက်တွင် ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် ပြင်ဆင်မှုများကို တွေ့ရစဉ်

(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို မေ ၄ ရက် နှင့် ၅ ရက်တွင် နေပြည်တော်၌ပြုလုပ်ရန် စီစဉ်ထားပြီး အဆိုပါထိပ်သီးအတွက် အကြိုဆွေးနွေးပွဲများကို ဧပြီလအတွင်း ဆက်တိုက်ပြုလုပ်ရန်ရှိကြောင်း သိရသည်။

ဇန်န၀ါရီလအတွင်း၌ အာဆီယံ စီးပွားရေးဝန်ကြီးများ၏ အစည်းအဝေး၊ အာဆီယံ ဗိသုကာပညာရှင်များ ကောင်စီအစည်းအဝေး၊ အာဆီယံ ကာကွယ်ရေးဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ အစည်းအဝေး အစရှိသည်တို့ကို ပြုလုပ်ရန်ရှိသည်။ မတ်လတွင် အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ အာဆီယံ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိများ အစည်းအဝေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အစည်းအဝေးများ၊ လူမှုရေးနှင့် ကူညီကယ်ဆယ်ရေးဆိုင်ရာ အစည်းအဝေးများအပြင် အာဆီယံ လူထုဖိုရမ်ကိုပါ ကျင်းပရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူထားချိန်တွင် အစည်းအဝေး မည်မျှကျင်းပမည်ကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း တစ်နှစ်တာကာလအတွင်း အစည်းအဝေး ၃၀၀ မှ ၄၀၀ အတွင်း ကျင်းပရန် အကြမ်းဖျင်းလျာထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

အာဆီယံ စတင်တည်ထောင်သည့် ခုနှစ် - ၈ ရက် သြဂုတ်လ ၁၉၆၇ ခုနှစ်
အဖွဲ့ဝင်နိုင်ငံ - ၁၀ နိုင်ငံ ( အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဘရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီး ယား၊လာအို၊ ဗီယက်နမ်)
လေ့လာသူ နိုင်ငံများ - အရှေ့တီမော၊ ပါပွာနယူးဂီနီရာ
အာဆီယံပဋိဥာဏ် စတင်သည့်နေ့ - ၁၆ ရက် ဒီဇင်ဘာ ၂၀၀၆
အာဆီယံလူဦးရေ - ၆၀၂ သန်း
အာဆီယံဂျီဒီပီ (၂၀၁၁ ခုနှစ်စာရင်း) - ၂၃၅၆ ထရီလီယံ
အာဆီယံ အတွင်းရေးမှူးချုပ် - လီလောင်မင်း (ဗီယက်နမ်)
အာဆီယံ အတွင်းရေးမှူးချုပ် ရုံးစိုက်ရာနိုင်ငံ - အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့။
အလှည့်ကျဥက္ကဋ္ဌ (၂၀၁၄ ခုနှစ်အတွက်) - မြန်မာနိုင်ငံ


အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ

၁။ အာဆီယံအသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊
၂။ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASEAN Political-Security Community) ကို သုံးသပ်ခြင်း၊
၃။ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံစီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက်အကောင်အထည်ဖော်ရေး၊ ASCC (ASEAN Socio-Cultural Community) သုံးသပ်ချက်များကို ဆွေးနွေးခြင်း၊
၎။ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှ အာဆီယံနိုင်ငံများအကြား ချိတ်ဆက်စေမှုကို မည်သို့အကူအညီပေးနိုင်မည် ဆိုသည်ကို ဆွေးနွေးခြင်း၊
၅။ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျှောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊
၆။ အာဆီယံနိုင်ငံများအကြား နိုးကြားမှုရှိစေရန် ဆက်သွယ်မှု အစီအစဉ်များ ဆောင်ရွက်ရေး၊
၇။ အမေရိကန်၊ တရုတ်အပါအ၀င် အာဆီယံ မိတ်ဖက်နိုင်ငံများအကြား မျှခြေကို ထိန်းညှိဆောင်ရွက်ပေးခြင်း၊
၈။ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ်ပိုင်း ကိစ္စရပ်များ
၉။ နိုင်ငံတွင်းကိစ္စရပ်ဖြစ်သော ရခိုင်အရေး ကိစ္စရပ်များကို ဆောင်ရွက်ခြင်း


အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန်၌ မြန်မာနိုင်ငံက လုပ်ဆောင်သွားမည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားထားသည့် အချက်များ

အာဆီယံအသိုက်အ၀န်း ထူထောင်ရေးကို အထောက်အပံ့ ဖြစ်စေရန်အတွက် ရည်ရွယ်ပြီး-

၁။ ရာသီဥတု ပြောင်းလဲခြင်း
၂။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲခြင်း
၃။ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ
၎။ နိုင်ငံဖြတ်ကျော် ကိစ္စရပ်များ၊
၅။ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေး၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစပ်ဆက်သွယ်ရေး
၆။ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...