Monday, January 13, 2014

မဟာဒုတ် ဆွမ်းဆပ်ကပ်လှူဒါန်းနေသည့် မဏ္ဍပ်အား ခွင့်ပြုချက်မဲ့ဓမ္မာရုံ ဆောက်လုပ်သည်ဟုဆိုကာ မရမ်းကုန်းမြို့နယ် စည်ပင်သာယာက နေ့စဉ် ဒဏ်ငွေကျပ်တစ်သောင်းတပ်နေ


Monday, January 13, 2014
ဥာဏ်ဝင်းရှိန်၊သက်မင်း

ဆွမ်းလောင်းလှူနေသည့် မဏ္ဍပ်အား နေ့စဉ်ဒဏ်ငွေတစ်သောင်း တပ်ရိုက်နေသည်ဟု ဖော်ပြထားပုံအား ဇန်န၀ါရီ ၁၁ ရက်ညနေပိုင်းက မြင်ရစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)


မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် အောင်သိဒ္ဓိလမ်းမကြီးနှင့် ခိုင်ရွှေဝါလမ်းမကြီးထိပ်တွင် နှစ်စဉ်ပြုလုပ်သည့် မဟာဒုတ် ဆွမ်းဆပ်ကပ်လှူဒါန်းနေသည့် မဏ္ဍပ်အား မရမ်းကုန်းမြို့နယ် စည်ပင်သာယာက ခွင့်ပြုချက်မဲ့ဓမ္မာ ရုံဆောက်လုပ်သည်ဟုဆိုကာ နေ့စဉ်ဒဏ်ငွေ ကျပ်တစ်သောင်း တပ်ရိုက်နေကြောင်း ဆွမ်းလောင်းလှူရေး အဖွဲ့ဝင်များနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများက ဇန်န၀ါရီ ၁၁ ရက်၌ The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါ ဆွမ်းလောင်းလှူပွဲအား သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးအပါဝင် မြို့နယ်သံဃာ့နာယက အဖွဲ့တို့၏ ခွင့်ပြုမိန့်ဖြင့် ပြုလုပ်နေသော်လည်း မရမ်းကုန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးက ခွင့်ပြုချက်မရဘဲ ဓမ္မာရုံဆောက်လုပ်သည်ဟုဆိုကာ ဒဏ်ငွေတပ်ခဲ့ခြင်းဖြစ်ကြောင်း ဆွမ်းလောင်းလှူပွဲ ဖြစ်မြောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးမိုးဇော်ကပြောကြားသည်။

၎င်းက “ကျွန်တော်တို့က ယာယီဆွမ်းလောင်းမဏ္ဍပ် ဆောက်တာကို မဏ္ဍပ်အနောက်မှာ ကျူးကျော်ထားတဲ့ မြို့နယ်စည်ပင်သာယာ ဌာနမှူးဟောင်းကတိုင်လို့ စည်ပင်က ခွင့်ပြုချက်မဲ့ဓမ္မာရုံ ဆောက်တယ်ဆိုပြီး ဒဏ်ငွေရိုက်တယ်။ ကျွန်တော်တို့ကလည်းပြောတယ်။ ဒါက ခရိုင်ခွင့်ပြုမိန့်နဲ့ လုပ်တာပါလို့။ ဒါပေမဲ့ သူတို့ဘက်က ခရိုင်က ခွင့်ပြုတာက ပွဲခွင့်ပြုမိန့်၊ ခွင့်ပြုချက်မဲ့ ဓမ္မာရုံဆောက်လို့ သူတို့ဘက်က ဒဏ်ရိုက်တာလို့ ပြောပြီးရိုက်သွားတာ။ ဒီလိုမျိုး ဘာသာရေးပွဲတွေကို ဒဏ်ငွေရိုက်နေတာတော့ မကောင်းပါဘူး။ အခိုင်မာဆောက်ထားတဲ့ ဓမ္မာရုံလည်း မဟုတ်ပါဘူး။ ဆွမ်းလောင်းယာယီမဏ္ဍပ် ဆောက်ထားတာပါ။ နေ့တိုင်းပင့်သံဃာတွေကို ဆွမ်းလောင်းနေတော့ မဏ္ဍပ်မရှိရင် ဆွမ်းလောင်းပွဲက ဖြစ်မှာမဟုတ်တော့ နေ့တိုင်းဒဏ်ငွေတစ်သောင်း ဆောင်နေရတယ်။ ဇန်န၀ါရီ ၆ ရက်က ကျပ်ငါးသောင်းနဲ့ ၇ ရက်က ကျပ်တစ်သောင်း သွားဆောင်ခဲ့ပြီးပြီ။ ကျန်တာက အလှူနဲ့ရှုပ်နေတော့ နောက်ရက်မှပေါင်းဆောင်ရမှာ” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါ ဆွမ်းလောင်းလှူပွဲအား နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုနှစ်နှင့်ဆိုလျှင် ၁၅ နှစ်မြောက်ခဲ့ပြီဖြစ်ကာ ဆွမ်းလောင်းပွဲပြီးပါက တရားပွဲအား ကျင်းပမြဲဖြစ်သော်လည်း ယခုကဲ့သို့ ဒဏ်ငွေအား ပွဲတော်မပြီးမချင်း နေ့စဉ်ကျပ်တစ်သောင်း တပ်နေသောကြောင့် ယခုနှစ်တရားပွဲ ပြုလုပ်နိုင်မည် မဟုတ်ကြောင်းလည်း သိရသည်။

ထို့ပြင် ယခုယာယီဆွမ်းလောင်းမဏ္ဍပ် ဆောက်လုပ်ထားသည့် မြေနေရာနောက်တွင် ယခင်ရပ်ကွက် ဓမ္မာရုံအဖြစ် လျာထားသည့် ခန့်မှန်းအကျယ် ပေ ၃၀×၆၀ ခန့်ရှိသည့် မြေနေရာအား အောင်သိဒ္ဓိလမ်းနှင့် မင်းဓမ္မလမ်း ဆက်သွယ်သည့် ကတ္တရာလမ်း ဖောက်လုပ်စဉ်က မြို့တော်စည်ပင် လမ်းတံတားဌာနမှ ယာယီကုန်လှောင်ရုံအဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် ရပ်ကွက်ဓမ္မာရုံ ဆောက်လုပ်ရန်အတွက် ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း မရှိသေးကြောင်းနှင့် ယင်းမြေကွက်အား ရပ်ကွက်သို့ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်းလည်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှူး ဦးမောင်မောင်ဇော်အား ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်တော်တော့ အဲဒီအကြောင်း မသိသေးပါဘူး။ သက်ဆိုင်ရာ မြို့နယ်စည်ပင်ကပဲ သိပါလိမ့်မယ်” ဟု ဇန်န၀ါရီ ၁၁ ရက် ည ၇ နာရီခန့်က ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် သက်ဆိုင်ရာ မရမ်းကုန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှာလည်း ရုံးပိတ်ရက်ဖြစ်သောကြောင့် ဆက်သွယ်၍ မရရှိခဲ့ပေ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...