Monday, January 20, 2014

၂၀၁၃ ခုနှစ်တွင် ရန်ကုန်လေဆိပ်မှ ပြည်ပခရီးသည် လက်ခံနိုင်သည့် ပမာဏထက် သုံးသိန်းကျော် ပိုမိုဝင်ရောက်ခဲ့ပြီး နိုင်ငံတကာ ခရီးစဉ်ပျံသန်းမှု နှစ်သောင်းကျော်အထိ စံချိန်တင်တိုးတက်


ရွှန်းလဲ့ဝင်း
ရန်ကုန်လေဆိပ်သို့ နိုင်ငံခြားသားခရီးသွားများ ဆိုက်ရောက်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)


၂၀၁၃ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပခရီးသည် လက်ခံနိုင်သည့် ပမာဏထက် သုံးသိန်းကျော် ပိုမိုဝင်ရောက်ခဲ့ပြီး နိုင်ငံတကာခရီးစဉ် ပျံသန်းမှု အကြိမ်အရေအတွက် နှစ်သောင်းကျော်အထိ စံချိန်တင် တိုးတက်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ အဓိကခရီးသွား ၀င်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီးသည် ၂ ဒသမ ၁ သန်းသာ လက်ခံနိုင်ပြီး ၂၀၁၃ ခုနှစ် တစ်နှစ်အတွင်း ခရီးသည် ၂ ဒသမ ၄ သန်းကျော်အထိ စံချိန်တင် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ရန်ကုန်လေဆိပ်မှ ပြည်ပခရီးသည် လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်စွာ ခရီးသည်များ ၀င်ရောက်ခဲ့သည်။

အလားတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Schedule flight နှင့် Non Schedule flight များဖြင့် နိုင်ငံတကာခရီးစဉ် ပျံသန်းမှုအနေဖြင့် နှစ်သောင်းကျော်အထိ စံချိန်တင် တိုးတက်ခဲ့သည်။

“၂၀၁၃ ခုနှစ်မှာ နိုင်ငံတကာ ခရီးသည် ၀င်ရောက်မှု ၂ ဒသမ ၄ သန်းအထိ စံချိန်တင် ၀င်ရောက်ခဲ့သလို နိုင်ငံတကာခရီးစဉ် ပျံသန်းမှု အနေနဲ့လည်း နှစ်သောင်းကျော်အထိ စံချိန်တိုးတက်ခဲ့တာ ဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Schedule flight နှင့် Non Schedule flight များဖြင့် နိုင်ငံတကာခရီးစဉ် ပျံသန်းမှုမှာ ၂၀၀၉ ခုနှစ်တွင် ၇၈၈၆ ကြိမ်ရှိခဲ့ပြီး ၂၀၁၀ တွင် ၁၁၁၉၃ ကြိမ်၊ ၂၀၁၁ တွင် ၁၄၀၂၈ ကြိမ်၊ ၂၀၁၂ တွင် ၁၆၆၃၇ ကြိမ်နှင့် ၂၀၁၃ တွင် ၂၂၉၁၇ ကြိမ်အထိ ရှိခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်သည့် ပြည်ပခရီးသည် အများဆုံးရရှိသည့် ခရီးစဉ်အနေဖြင့် ခရီးစဉ် သုံးခုရှိကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရန်ကုန်-ဘန်ကောက် ခရီးစဉ်မှ ပြည်ပခရီးသည် ၁၀၀၇၆၉၂ ဦး၊ ရန်ကုန်-စင်ကာပူခရီးစဉ်မှ ပြည်ပခရီးသည် ၅၂၃၂၆၇ ဦး၊ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်မှ ပြည်ပခရီးသည် ၃၁၃၇၀၇ ဦးအထိ ၀င်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်သည့် နိုင်ငံတကာ လေကြောင်းလိုင်းများ၏ ခရီးသည်ထိုင်ခုံအချိုး (Load Factor) အရ စင်ကာပူ-ရန်ကုန်ခရီးစဉ်တွင် Jetstar Asia လေကြောင်းလိုင်းမှ လည်းကောင်း၊ ဘန်ကောက်-ရန်ကုန် ခရီးစဉ်တွင် Thai Airways (TG) လေကြောင်းလိုင်းမှ လည်းကောင်း ခရီးသည်အများဆုံး ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခရီးသည်ခြောက်သန်း ၀င်ထွက်နိုင်သည်အထိ အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်သည်။ သို့ရာတွင် လက်ရှိနှုန်းအတိုင်း ဆက်လက်တိုးတက်မည်ဆိုပါက ၂၀၁၅ တွင် ခရီးသည်ဝင်ရောက်မှု ခြောက်သန်းအထိ ရှိလာမည်ဖြစ်သည့်အတွက် အခြားအပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုအား ထပ်မံတည်ဆောက်ရန် လိုအပ်လာမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

သို့ဖြစ်၍ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ထပ်မံတည်ဆောက်သွားမည်ဖြစ်ပြီး ရန်ကုန်လေဆိပ် ခရီးသည်လက်ခံနိုင်သည့် အတိုင်းအတာ ကျော်လွန်သွားသည့် ၂၀၁၇ ခုနှစ်တွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား အသုံးပြုနိုင်ရန် တည်ဆောက်သွားမည်ဟု သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...