Friday, January 10, 2014

အစိုးရအနေဖြင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် အဟန့်အတား ဖြစ်စေမည့် တည်ဆဲဥပဒေများနှင့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲခြင်းများ အလေးထား စဉ်းစားရန် လူ့အခွင့်အရေး ကော်မရှင် အကြံပြု

Friday, January 10, 2014
Written by:
ဖြိုးဝေ

ဇန်န၀ါရီ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမ အနီးတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ ဦးဆောင်၍ ပြုလုပ်သော ပုဒ်မ ၁၈ အပါအ၀င် ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများအား ပြင်ဆင်၊ ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်ပွဲမြင်ကွင်း


နိုင်ငံတော် အစိုးရအနေဖြင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့် ပြဋ္ဌာန်းချက်များအနက် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် အဟန့်အတား ဖြစ်စေမည့် ဥပဒေများနှင့် ပြဋ္ဌာန်းချက်များကို နိုင်ငံတော် တည်ငြိမ်ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးတို့ကို မထိပါးစေဘဲ လိုအပ်သကဲ့သို့ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့အား အလေးထား စဉ်းစားသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၉ ရက် အစိုးရ သတင်းစာများမှ ဖော်ပြခဲ့သည့် လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက်တွင် အချက်ခြောက်ချက်ဖြင့် ဖော်ပြထားပြီး နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ် ၅၁/၂၀၁၃ဖြင့် သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်ချက်ကို ကော်မရှင်အနေဖြင့် လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက် ၁/၂၀၁၃ အား ထုတ်ပြန်ခဲ့မှုကို အသိအမှတ် ပြုပါကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ အနေဖြင့် ၂၀၁၃ ခုနှစ် နှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား တစ်ယောက်မျှမကျန်ရှိစေရန် ကတိပြုထားသည့်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် ရေဒီယိုမှတစ်ဆင့် ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပြီး ထိုသို့ပေးအပ်သည့် ကတိက၀တ်အပေါ် အကောင်အထည် ဖော်ခြင်းနှင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် နိုင်ငံရေး အကျဉ်းသားဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိသင့်ဆိုသည့် အယူအဆနှင့်လည်း ကိုက်ညီကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံ နေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ နှစ်ကြိမ်ပေးပို့ ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းထောင် အသီးသီးမှ ကျခံနေရသော အကျဉ်းသားများကို ပြစ်ဒဏ်လျှော့ပေါ့ခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့မှုအပေါ် ကြိုဆိုပါကြောင်းနှင့် လွတ်မြောက်လာသူများ အနေဖြင့်လည်း အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးကို ဥပဒေဘောင်အတွင်းမှ ပါဝင်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တည်ဆဲဥပဒေပါ ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၈၊ ၅၀၅(ခ)၊ ၅(ည) ကဲ့သို့သော ပုဒ်မများနှင့် နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် လယ်ယာမြေ သိမ်းဆည်းခံရမှုအတွက် လှုပ်ရှားသူများကို အရေးယူ အပြစ်ပေးနေသည့် ပုဒ်မများကို ဖျက်သိမ်းပေးပါရန် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဖြစ်သည့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမင်းကိုနိုင် ဦးဆောင်သည့် ခေါင်းဆောင်များက ဇန်န၀ါရီ ၅ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

“ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ လူတွေပါ။ ကျွန်တော်တို့အပေါ်ကန့်သတ်လွှမ်းမိုးထားတဲ့ ဥပဒေတွေ ပုဒ်မတွေကို ပယ်ဖျက်ပေးပါ။ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်ကနေ လက်ရှိအချိန်ထိ ဒီလိုမျိုး ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေရတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဖိနှိပ်ခံနေရဆဲဆိုတာ မြင်နိုင်ပါတယ်” ဟုအဆိုပါဆန္ဒ ထုတ်ဖော်ပွဲတွင် ဦးမင်းကိုနိုင်က ဆိုသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...