Friday, January 10, 2014

သီရိမင်္ဂလာ ဈေးသစ်တွင် ပျံကျဈေးသည်များနှင့် စည်ပင်ဝန်ထမ်းများ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဈေးသည်များအား ပြန်လည်ရောင်းချခွင့်ပြုထား

Friday, January 10, 2014
ဝေလင်းအောင်၊ အောင်မျိုးသန့်

လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာ ဈေးသစ်ကြီးအား ဇန်န၀ါရီ ၉ ရက် ညပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)


သီရိမင်္ဂလာဈေးတွင် ဇန်န၀ါရီ ၉ ရက် နံနက်အစောပိုင်းတွင် ပျံကျဈေးသည်များနှင့် စည်ပင်ဝန်ထမ်းများ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဈေးသည်များကို ပြန်လည်ရောင်းချခွင့် ပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန)နှင့် ပိတောက်ချောင်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ ဇန်န၀ါရီ ၉ ရက် နံနက်ပိုင်းတွင် သိရသည်။

သီရိမင်္ဂလာ ဈေးသစ်ကြီး အရှေ့တွင် ပျံကျရောင်းချနေသော ဈေးသည်များကို ဈေးစည်ပင်သာယာ အဖွဲ့နှင့် စည်ပင်ရဲဝန်ထမ်းတို့မှ ဇန်န၀ါရီ ၇ ရက်တွင် စတင်ဖယ်ရှား ခိုင်းခဲ့ရာမှ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဇန်န၀ါရီ ၉ ရက် နံနက် အစောပိုင်းတွင်လည်း ပဋိပက္ခ ထပ်မံဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ယင်းပဋိပက္ခ ဖြစ်စဉ်များအတွင်း စည်ပင်ဝန်ထမ်းနှင့် ရဲဝန်ထမ်းတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုသို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ ပျံကျဈေးသည်များကို ဈေးရောင်းချခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ပြီး ည ၁၁ နာရီမှ နောက်နေ့ နံနက် ၆ နာရီထိ ခွင့်ပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဈေးရှေ့မှာ မရောင်းရဘူးလို့ စည်းကမ်းချက်တွေ ထုတ်ထားတာ သိပေမယ့် ကျွန်မတို့အနေနဲ့ ဒီနေရာလေးပဲ ရောင်းစရာ နေရာရှိလို့ ရောင်းချရတာပါ။ မပြေလည်လို့ ဈေးရောင်းစားတာပါ။ အခုလို နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်တော့ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ အဲ့ဒီနေ့ညက ဖြစ်တာတော့ တော်တော်ဆိုးပါတယ်” ဟု ပျံကျဈေးသည် တစ်ဦးက ဆိုသည်။

ယင်းသို့ ပဋိပက္ခ ဖြစ်ပွားပြီးနောက် စည်ပင်ဝန်ထမ်းများကို နာကျင်အောင် ပြုလုပ်သူ အမည်မသိ လူ ၁၀ ဦးကို ပိတောက်ချောင်း နယ်မြေရဲစခန်းတွင် (ပ) ၇/၁၄၊ ပြစ်မှုပုဒ်မ ၂၉၄၊ ၃၃၂၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

“စခန်းမှာတော့ စည်ပင်ဘက်က အမှုလာဖွင့်ထားလို့ ကျူးလွန်တဲ့ သူတွေကို ဖမ်းဆီးရမိဖို့အတွက် ဆောင်ရွက်နေပါတယ်။ ပုံမှန်အားဖြင့်တော့ ဈေးထဲက ရဲကင်းမှာ ရဲဝန်ထမ်း လေးဦးလောက်ထိ ထားပါတယ်။ အခုတော့ ပျံကျဈေးသည်တွေကို ပြန်ရောင်းချခွင့် ပေးလိုက်ပြီလို့ ကြားပါတယ်” ဟု ပိတောက်ချောင်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...