Friday, January 10, 2014

ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်သင်္ဘောပေါ်မှ ဆီများကို သက္ကာယ်ကွင်း ရွာသားများက အဓမ္မခပ်ယူသည်ဟု ဆိုကာ အမှုဖွင့်ထားသည့် ဖြစ်စဉ်အား သက္ကာယ်ကွင်း ရွာသားများ ရှင်းလင်း

Friday, January 10, 2014
ဥာဏ်ဝင်းရှိန်

မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ သက္ကာယ်ကွင်း ရွာသားများက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)


ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်ရှိ သက္ကာယ်ကွင်းကျေးရွာ ကမ်းစပ်၌ ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်သင်္ဘောပေါ်မှ ဒီဇယ်ဆီများအား ရွာသားများက အတင်းအဓမ္မ ခပ်ယူသည်ဟုဆိုပြီး ဆီတွဲတာဝန်ခံမှ အမှုဖွင့်ထားသည့်အပေါ် ရွာသားများက ဇန်န၀ါရီ ၉ ရက် နံနက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ရှင်းလင်းခဲ့သည်။

အဆိုပါ ဖြစ်စဉ်အမှန်မှာ ဆီတွဲတာဝန်ခံမှ စွပ်စွဲအမှုဖွင့်ထား သကဲ့သို့ ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်တွဲပေါ်သို့ ရွာသားများက အတင်းအဓမ္မ တက်ရောက်၍ ချိပ်ပိတ်ထားသည့် ဆီပေါက်တွဲများကိုဖွင့်ပြီး ခပ်ယူကြခြင်း မဟုတ်ဘဲ ယင်းဆီတွဲရေယာဉ်မှာ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဦးပိုင်းစိုက်၍ မြုပ်လုမြုပ်ခင် အခြေအနေတွင် သက္ကာယ်ကွင်းကျေးရွာ အရှေ့မြောက်ဘက် ကမ်းစပ်သို့ ဆိုက်ကပ်လာပြီး တွဲရေယာဉ်ပေါ်တွင် လိုက်ပါလာသူများမှ ရွာသားများထံသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ရွာသားများက ဇန်န၀ါရီ ၉ ရက်က ရှင်းလင်း ပြောကြားသည်။

သက္ကာယ်ကွင်းရွာသား ဦးငွေကြည်က “အမှန်က ဆီတွဲနစ်တော့မှာမို့ သူတို့ဘက်က ရွာသားတွေကို အကူအညီတောင်းပြီး ချိပ်ပိတ်ထားတဲ့ ဆီထည့်ပေါက်တွေကို တွဲရေယာဉ် တာဝန်ခံတွေက ဖွင့်ပေးလို့ ရွာသူ/ရွာသားတွေက ရေပုံးတွေ ဒန်အိုးဒန်ခွက်တွေနဲ့ ခပ်ထုတ်ပေးတာပါ။ အဲဒီလိုနဲ့ ညနေ ၃ နာရီခွဲ လောက်မှာ သီဟကျော်ထွန်း တွန်းသင်္ဘော အပါအ၀င် သင်္ဘောလေးစင်း ရောက်လာတယ်။ နစ်မြုပ်နေတဲ့ ဆီတွဲဦးပိုင်းက ဒီဇယ်ဆီနဲ့ ရေရောနှော နေတာတွေကို ဆီစုပ်စက်တွေနဲ့ မောင်းတင်သွားတယ်။ ရေထဲကျနေတဲ့ ဆီတွေကို ရွာသားတွေက ခပ်တာတော့ရှိတယ်” ဟု ရှင်းလင်းပြောကြားသည်။

ထို့ပြင် ထိုသို့ကူညီပေးခဲ့သည့် ရွာသူ/ရွာသားများအား ဆီတွဲတာဝန်ခံက ဆိပ်ကမ်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားပြီး လက်ရှိ ရွာသားငါးဦးအား ရမန်ကြီးနှစ်ပတ်ခန့် ချုပ်ထားကြောင်းနှင့် ယင်းကဲ့သို့ ဆီများကို အဓမ္မခပ်ယူသည်ဟု စွပ်စွဲခြင်းမှာ ကျေးရွာပုံရိပ်အား များစွာထိခိုက်သဖြင့် ယခုလို ရှင်းလင်းပွဲ ပြုလုပ်ရကြောင်း သက္ကာယ်ကွင်း ရွာသားများက ဆိုသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က ရတနာမွန် (၃) လမ်း၊ ၄ ရပ် ကွက်၊ လှိုင်သာယာမြို့နယ်နေ ငွေဗျိုင်းဖြူ ကုမ္ပဏီ၏ စာရေးဖြစ်သူ ဦး......(၃၆) နှစ်သည် သီလ၀ါ အရှေ့ရေလယ်တွင် ကျောက်ချထားသော စင်္ကာပူနိုင်ငံအလံ တင်ထားသည့် MT.OCEAN GURNARD ကုမ္ပဏီပိုင် သင်္ဘောဖြင့် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဘတ်တွဲဖြင့် ဒီဇယ် ၃၁၀၀၀၀ ဂါလန်ခန့်အား တင်ဆောင်၍ ကုမ္ပဏီဝန်ထမ်း တစ်ဦးအား မောင်းနှင်စေကာ အင်းစိန်ကြို့ကုန်းရှိ ရွှေဗျိုင်းဖြူ ကုမ္ပဏီဆိပ်ကမ်းသို့ပို့ရန် စေလွှတ်လိုက်ကြောင်း သိရသည်။

ထိုသို့စေလွှတ်ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ခနောင်တိုအရှေ့ ရေပြင်အရောက်၌ ဘတ်တွဲအထဲရှိ ဒီဇယ်ဆီများမှာ ဘတ်တွဲ၏ ဦးပိုင်ဘက်သို့ စုပုံရောက်ရှိသွားပြီး ဘတ်တွဲဦးပိုင်း စိုက်သွားသဖြင့် ပဲ့ပိုင်းသို့ပြန်ရွှေ့ရန် နီးစပ်ရာ ခနောင်တောင် ဘက်ခြမ်းရှိ သက္ကာယ်ကွင်းရွာ ကမ်းစပ်သို့ ဘတ်တွဲအား ကမ်းထိုးရပ်ခဲ့ရာ ကမ်းထိုးမှုကြောင့် ဘတ်တွဲဦးပိုင်း သုံးနေရာမှ ဒီဇယ်များ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ပေါက်ထွက်စဉ် အနီးအနားမှ ရွာသူရွာသားများ ရောက်ရှိလာပြီး ဒီဇယ်များအား ခပ်ယူခြင်း ပြုလုပ်ခဲ့ရာ မခပ်ရန် တားမြစ်သော်လည်း မရခဲ့ကြောင်း၊ ဒီဇယ်ဆီများမှာလည်း ကျပ်သိန်း ၆၀၀ ကျော် တန်ဖိုးရှိ ဒီဇယ်ဂါလန် ၁၅၀၀၀ ခန့် ဆုံးရှုံးသွားသဖြင့် ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လာရောက်ခပ်ယူသည့် ရွာသားများအား ဆိပ်ကမ်းမြို့မ ရဲစခန်းက (ပ) ၃၄၆/၁၃ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...