Sunday, January 5, 2014

လက်ရှိတရားစီရင်ရေးအပေါ် မေးခွန်းထုတ်မည့် မြန်မာသတင်းစာဆရာများကွန်ရက်၏ ဆန္ဒထုတ်ဖော်မှုအပေါ် မြန်မာနိုင်ငံရှေ့နေများကွန်ရက် အားဖြည့်ပူးပေါင်းမည်



မြန်မာသတင်းစာဆရာများကွန်ရက်၏ ဆန္ဒထုတ်ဖော်မှုတွင် ကိုင်ဆောင်မည့် စာတမ်းတစ်ခု


လက်ရှိတရားစီရင်ရေးအပေါ် မေးခွန်းထုတ်မည့် မြန်မာနိုင်ငံသတင်းစာဆရာများ ကွန်ရက်(Myanmar Journalist Network) ၏ ဇန်န၀ါရီ ၇ ရက်တွင် ဆန္ဒထုတ်ဖော်မှုအပေါ် မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ပူးပေါင်းအားဖြည့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

"WAN-IFRA ကလည်း သမ္မတဦးသိန်းစိန်ကို မေတ္တာရပ်ခံစာပေးပို့ထားတယ်။ မခိုင်ဖြစ်ရပ်ကို ကြည့်ရင်လည်း တရားစီရင်ရေးအပိုင်းကို အုပ်ချုပ်ရေးပိုင်းက လွှမ်းမိုးထားတာ သိသာထင်ရှားနေပါတယ်။ ထောင်ချလို့မရတဲ့ ဖြစ်ရပ်မျိုးနဲ့ ထောင်ချခံလိုက်ရလို့ ကန့်ကွက်တာဖြစ်သလို မခိုင်လွတ်မြောက်ဖို့အတွက် ဥပဒေဘောင်ထဲက ဆက်လက်လုပ်ဆောင်သွားပါမယ်" ဟု ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသတင်းစာဆရာများကွန်ရက်မှ ဆန္ဒထုတ်ဖော်ရသည့် အဓိကအကြောင်းရင်းမှာ လွိုင်ကော်မြို့မှ Eleven Media Group ၏ သတင်းထောက် မခိုင် (ခ) နော်ခိုင်ခိုင်အေးချိုအား သတင်းရယူမှုနှင့် ပတ်သက်၍ အိမ်ကျော်နင်းမှု အပါအ၀င် ပုဒ်မသုံးခုဖြင့် လွိုင်ကော်မြို့နယ် တရားရုံးမှ ဒုမြို့နယ်တရားသူကြီး ဦးမြမင်းဟန်က ဒီဇင်ဘာ ၁၇ ရက်က ထောင်ဒဏ်သုံးလကျခံရန် အမိန့်ချမှတ်ခဲ့သည်။ မခိုင်ကိုထောင်ဒဏ်သတ်မှတ်သည့် ပုဒ်မများနှင့် သာမန်ပြည်သူများအား ထောင်ဒဏ်ချမှတ်လေ့မရှိဘဲ သတင်းထောက်တစ်ဦးက ပြည်သူများ၏ သတင်းသိရှိခွင့်အတွက် လုပ်ဆောင်နေစဉ် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းကြောင့် လက်ရှိတရားစီရင်ရေးအပေါ် ပြန်လည်သုံးသပ်ရန် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ကတော့ ဘယ်တိုက်ရယ်လို့မဟုတ်ပါဘူး။ ပထမအကြိမ်တုန်းကတော့ ဂျာနယ်တစ်စောင်ကို အကန့်အသတ်မရှိ ထုတ်ဝေခွင့်ပိတ်တုန်းကပေါ့။ အခုဟာကလည်း နယ်သတင်းထောက်ဖြစ်တာက တစ်ပိုင်းပေါ့။ နယ်တွေမှာက သတင်းရယူမှုတွေ ခက်ခဲနေတာတွေရှိတယ်။ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေထက် ပိုခက်ခဲနေတယ်။ နောက်တစ်ခုက သတင်းအလုပ်လုပ်နေတဲ့အချိန်မှာ ထောင်ချလေ့မရှိတဲ့ ပုဒ်မတွေနဲ့ထောင်ချတယ်။ ဒီကိစ္စမှာက တရားစီရင်ရေးလွဲနေတယ်။ ဒါကို ပြန်သုံးသပ်ဖို့ပြောချင်တာပါ" MJN ၏ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။ ပြည်သူသတင်း သိရှိမှုအတွက် လုပ်ဆောင်နေသည့် သတင်းသမားလွတ်လပ်ခွင့်နှင့် သတင်းစာလွတ်လပ်ခွင့်အတွက် ဦးတည်ပြုလုပ်မည့် MJN ၏ ဆန္ဒထုတ်ဖော်မှုအတွက် ကျောက်တံတား၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေ စသည့်မြို့နယ်လေးခုမှ ခွင့်ပြုချက်ရရှိထားပြီး ဒဂုံမြို့နယ်၏ ခွင့်ပြုချက်အား ဇန်န၀ါရီ ၄ ရက်အထိ စောင့်ဆိုင်းနေရဆဲဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် ကြွေးကြော်သံများအဖြစ် 'သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမှု...အလိုမရှိ၊ လွတ်လပ်စွာသတင်းရယူခွင့်ပြုရေး...ဒို့အရေး၊ မှန်ကန်တဲ့ တရားစီရင်ရေး... ချက်ချင်းလုပ်ဆောင်ပေး' စသည့်ကြွေးကြော်သံများအား မြို့နယ်ငါးမြို့နယ်တစ်လျှောက် ကြွေးကြော်မည်ဖြစ်ပြီး ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်ရရှိသည့် အချိန်မှာ နံနက် ၉ နာရီမှ မွန်းတည့် ၁၂နာရီအထိဖြစ်သည်။

သတင်းထောက် မခိုင်ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ၊ PEN Myanmar ၊ မန္တလေးသတင်းသမားများတို့က သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။ မြ၀တီမြို့နယ် စာရေးဆရာအသင်းနှင့် သတင်းစာဆရာအသင်းတို့က ကန့်ကွက်ရှုတ်ချမှုများပြုလုပ်ခဲ့ ကြသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...