Sunday, January 5, 2014

မြန်မာ့ပေါင်းဆန်ကို ရုရှားသို့ အဓိကတင်ပို့နေပြီး အီးယူသို့ တိုးချဲ့တင်ပို့ရန် စီစဉ်ထားသော်လည်း လက်ရှိတည်ဆောက်ဆဲ ပေါင်းဆန်စက်များ လည်ပတ်နိုင်မှသာ တင်ပို့နိုင်မည်



မြောင်းမြမြို့နယ်ရှိ ဆန်စက်တစ်ခုအား တွေ့ရစဉ်


မြန်မာ့ပေါင်းဆန်ကို လက်ရှိကာလ၌ ရုရှားနိုင်ငံသို့ အဓိကတင်ပို့နေပြီး အီးယူနိုင်ငံများသို့ပါ ဈေးကွက်တိုးချဲ့တင်ပို့နိုင်ရေး စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

သို့သော် လတ်တလောတွင် ရုရှားသို့ လစဉ် ပေါင်းဆန်တန်ချိန် ၁၀၀၀ နှင့် ၁၅၀၀ အကြား တင်ပို့လျက်ရှိကြောင်း၊ ထို့ပြင်ပြည်တွင်း၌လည်း ပေါင်းဆန်ထုတ်လုပ်သည့်စက်များ တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပေါင်းဆန်စက်များ အပြည့်အ၀လည်ပတ်နိုင်မှသာ အီးယူဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

လက်ရှိကာလ၌ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ပေါင်းဆန်စက်များ တည်ဆောက်လျက်ရှိကြောင်း အဆိုပါဆန်စက်များအတွက် အိန္ဒိယနိုင်ငံက နည်းပညာအကူအညီများပေးနေပြီး ပုသိမ်မြို့နယ်တွင် တည်ဆောက်မည့် တန် ၂၀၀ ပေါင်းဆန်စက်ကိုမူ ထိုင်းနိုင်ငံမှ နည်းပညာအကူအညီများ ပေးမည်ဖြစ်ကြောင်း သိရသည်။

"၂၀၁၃ ခုနှစ်ကတည်းက ပေါင်းဆန်စက်ရှစ်လုံး တည်ဆောက်နေတာပါ။ အခုဆိုရင် မော်ကျွန်း၊ မြောင်းမြကစက်တွေက စမ်းသပ်လည်ပတ်နေပါတယ်။ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်က စက်ကိုလည်း စမ်းသပ်နေပါပြီ။ ကျန်တဲ့စက်တွေကတော့ ၂၀၁၄ ဖေဖော်ဝါရီလကုန် မတ်လထဲကျမှပဲ လည်ပတ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီစက်တွေ အပြည့်အ၀လည်ပတ်နိုင်မှပဲ ဈေးကွက်က တိုးချဲ့တင်ပို့နိုင်မှာပါ"ဟု ရွှေဇာခြည်ကုမ္ပဏီမှ ဦးသောင်းဝင်းက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း နတ္တလင်းမြို့နယ်၌ တန် ၁၀၀ဆန်စက်၊ ဇီးကုန်းမြို့နယ်၌ တန် ၅၀ ဆန်စက်၊ ပေါင်းတည်မြို့ နယ်၌ တန် ၅၀ ဆန်စက်၊ ကြို့ပင်ကောက်မြို့နယ်၌ တန် ၅၀ ဆန်စက်၊ အုတ်ဖိုမြို့နယ်၌ တန် ၅၀ ဆန်စက်၊ ပုတီးကုန်း တန် ၅၀ ဆန်စက်နှင့် ပြည်မြို့၌ တန် ၅၀ ဆန်စက်များကို တပ်ဆင်လျက်ရှိရာ အချို့ဆန်စက်များမှာ စမ်းသပ်လည်ပတ်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်ပသို့ တစ်လလျှင် ပေါင်းဆန် တန် ၁၀၀၀ကျော်သာ တင်ပို့နိုင်သေးသော်လည်း တည်ဆောက်ဆဲ ပေါင်းဆန်စက်များ လည်ပတ်ပြီဆိုပါက တစ်လ ပျှမ်းမျှတန်ချိန် ၁၀၀၀၀ ကျော် တင်ပို့နိုင်မည်ဖြစ်ကြောင်းနှင့် ဈေးကွက်လိုအပ်ချက်ရှိသ၍ တင်ပို့နိုင်ရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...