Thursday, February 13, 2014

အမေရိကန်တွင် စာနယ်ဇင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အစီရင်ခံစာကဖော်ပြ


ဖေဖော်ဝါရီ ၁၁ ရက်က ဆိုချီဆောင်းရာသီ အိုလံပစ်ပွဲတွင် သတင်းရယူနေသော ဓာတ်ပုံသတင်းထောက်များ (Photo:AFP)


ပြီးခဲ့သည့်နှစ်က ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေမှုများကြောင့် မီဒီယာလုပ်ငန်းအတွက် စိုးရိမ်မှုများရှိခဲ့ပြီး အမေရိကန်ကဲ့သို့ ဒီမိုကရေစီနိုင်ငံများတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခံရမှု မြင့်တက်လာကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် အဆိုပါအဖွဲ့၏ World Press Freedom Index နှစ်ပတ်လည် အစီရင်ခံစာတွင် စာနယ်ဇင်းလွတ်လပ်ခွင့်အား နိုင်ငံတော်လုံခြုံရေး လိုအပ်ချက်များအရဟုဆိုကာ ပိုမိုချဲ့ကားပြီး ရန်လိုသောလုပ်ရပ်များဖြင့် ကမ္ဘာအနှံ့ ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာကြောင်း သတိပေး ဖော်ပြထားသည်။

ယင်းကဲ့သို့သော လုပ်ဆောင်ချက်များတွင် အမေရိကန်နိုင်ငံ အနေဖြင့် ထောက်လှမ်းရေး အချက်အလက်များအား ဖွင့်ချခဲ့သည့် အက်ဒဝပ်စနိုးဒင်အား လိုက်လံဖမ်းဆီးနေမှု၊ ဝီကီလိခ်သတင်းပေး ဘရက်ဒလေမန်နင်းအား ပြစ်ဒဏ်ချမှတ်ခဲ့မှုနှင့် အေပီသတင်းဌာနမှ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကို လျှို့ဝှက်ခိုးယူမှုတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်သည် ယမန်နှစ်အတွင်းက သိသိသာသာ ကျဆင်းသွားပြီး နိုင်ငံပေါင်း ၁၈ဝ အနက် အဆင့် ၄၆ သို့ ကျဆင်းသွားသည်။

“သူတို့ကိုယ်သူတို့ ဒီမိုကရေစီနိုင်ငံကြီးတွေ၊ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာတယ်လို့ ဂုဏ်ယူဝင့်ကြွားနေတဲ့ နိုင်ငံကြီးတွေဟာ စံနမူနာအဖြစ် မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး” ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆီးရီးယားတွင် ၂ဝ၁၁ ခုနှစ်၊ မတ်လမှ စတင်ဖြစ်ပွားခဲ့သည့် ပြည်တွင်းတိုက်ခိုက်မှုများကြောင့် မီဒီယာနယ်ပယ်တွင် လုပ်ကိုင်သူ ၁၃ဝ သေဆုံးသွားခဲ့ပြီး ၂ဝ၁၃ ခုနှစ်အတွင်း ဂျာနယ်လစ်အများဆုံး သေဆုံးခဲ့ရသည့်နိုင်ငံဖြစ်သည်။

World Press Freedom Index တွင် ဆီးရီးယားသည် အဆင့် ၁၇၇ နေရာ၌ ရှိနေခဲ့ပြီး မီဒီယာသမားများကို ပြန်ပေးဆွဲဖမ်းဆီးမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း RSF က သတိပေးထားသည်။

စစ်ပွဲများသည် စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် ထိခိုက်စေခဲ့ရာ မာလီနိုင်ငံသည် အဆင့် ၂၂ ဆင့်ကျပြီး ၁၂၂ သို့ ကျဆင်းခဲ့ကာ ဗဟိုအာဖရိက သမ္မတနိုင်ငံသည်လည်း အဆင့် ၄၃ ဆင့်ကျပြီး ၁ဝ၉ သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်အရှိဆုံး ထိပ်ဆုံးသုံးနိုင်ငံတွင် ဖင်လန်၊ နယ်သာလန်နှင့် နော်ဝေတို့ ဆက်လက်ရှိနေကြောင်း သိရသည်။ World Press Freedom Index ၏ အောက်ဆုံးအဆင့် နိုင်ငံများမှာ အရှေ့မြောက်အာဖရိကတိုက်မှ အီရစ်ထရီယား၊ မြောက်ကိုရီးယားနှင့် တာ့ခ်မန်နစ္စတန်နိုင်ငံများဖြစ်သည်။

ဗြိတိန်နိုင်ငံသည် အဆင့် ၃ဝ မှ ၃၃ သို့ ကျဆင်းသွားသည်။ အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီ၏ သူလျှိုလုပ်ငန်းများကို စနိုးဒင်၏ ထုတ်ဖော်မှုများအား ဖော်ပြခဲ့သည့် ဂါးဒီးယန်းသတင်းစာအား ဗြိတိန်အစိုးရက အရှက်ကင်းမဲ့သော ဖိအားပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း RSF က ပြစ်တင်ရှုတ်ချခဲ့သည်။

အာရှတိုက်တွင် ဂျပန်နိုင်ငံသည် အဆင့်ငါးဆင့် ကျဆင်းကာ အဆင့် ၅၉ ဖြစ်သွားခဲ့သည်။ အတိုက်အခံ ဘလော့ဂါများနှင့် ဂျာနယ်လစ်များအား တားဆီးမှု၊ ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေသည့် တရုတ်နိုင်ငံသည်လည်း တစ်ဆင့်လျော့ကျကာ အဆင့် ၁၇၅ သို့ ရောက်ရှိသွားကြောင်း သိရသည်။ ၂ဝ၁၃ ခုနှစ်အတွင်း သတင်းထောက်ခုနစ်ဦး သေဆုံးခဲ့သည့် ပါကစ္စတန်သည် ဂျာနယ်လစ်များအတွက် အန္တရာယ်အရှိဆုံးနိုင်ငံများတွင် ဆက်လက်ပါဝင်နေခဲ့ပြီး အဆင့် ၁၅၈ ရရှိခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...