Thursday, February 13, 2014

အယ်လ်ဂျီးရီးယားတွင် စစ်လေယာဉ်ပျက်ကျမှုကြောင့် လူ ၇၇ ဦးသေဆုံးပြီး တစ်ဦးသာအသက်ရှင်



မြို့တော်အယ်လ်ဂျီးယားမှ ကီလိုမီတာ ၅၀၀ ၀န်းကျင်အကွာရှိ Oum El Bouaghi ဒေသတွင် ပျက်ကျခဲ့သော C-130 Hercules လေယာဉ်အပျက်အစီးများကို ဖုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)


အယ်လ်ဂျီးရီးယားရှိ တောင်ထူထပ်သော အရှေ့မြောက်ပိုင်းတွင် စစ်ဘက်ပို့ဆောင်ရေး လေယာဉ်တစ်စင်း ဖေဖော်ဝါရီ ၁၁ ရက်က ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါခဲ့သော လူ ၇၈ ဦးအနက် တစ်ဦးသာ အသက်ရှင်ပြီး ၇၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် အယ်လ်ဂျီးရီးယားတွင် အဆိုးရွားဆုံး လေကြောင်းမတော်တဆမှု တစ်ခုဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အယ်လ်ဂျီးရီးယားတောင်ပိုင်းရှိ ကန္တာရဆန်သော တာမန်ရက်ဆက်ခံတပ်မြို့မှ ကွန်စတန်တိုင်းမြို့သို့ ဦးတည်ခဲ့သည့် C-130 ဟာကျူလီလေယာဉ်တွင် စစ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း ၇၄ ဦးနှင့် လေယာဉ်အမှုထမ်းလေးဦးတို့ လိုက်ပါခဲ့ပြီး Oum EI Bouaghi ဒေသတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်ခဲ့သည်။ လေယာဉ်သည် မွန်းလွဲဝန်းကျင်၌ ယင်းဒေသရှိ Fertas တောင်ကို ၀င်တိုက်မိခဲ့သည်ဟု စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီးဘိုဂူရန်က ပြောကြားခဲ့သည်။ မုန်တိုင်းတိုက်ခတ်မှုနှင့် ဆီးနှင်းထူထပ်စွာ ကျဆင်းမှုတို့က လေယာဉ်ပျက်ကျရခြင်း အကြောင်းအရင်းများတွင် ပါဝင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။


သေဆုံးခဲ့သူအတွက် ၀မ်းနည်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်မှစတင်ကာ သုံးရက်ကြာပြုလုပ်မည်ဟု သမ္မတအက်ဘ်ဒယ်လာဇစ်ဘူတီဖလီကာက ကြေညာခဲ့သည်။ လုံခြုံရေးရင်းမြစ်များနှင့် အယ်လ်ဂျီးရီးယား မီဒီယာများကမူ ယင်းလေယာဉ်တွင် လူ ၁၀၃ ဦး လိုက်ပါခဲ့သည်ဟု ကနဦးတွင် ဖော်ပြခဲ့သည်။

လေယာဉ်ပျက်ကျသည့်နေရာတွင် အမျိုးသမီးရုပ်အလောင်း လေးလောင်းအပါအ၀င် ၇၆ လောင်းကို ဖေဖော်ဝါရီ ၁၁ ရက်ညနေတွင် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များက ရှာဖွေတွေ့ရှိခဲ့သည်။ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့သော အသက်ရှင်ကျန်ခဲ့သူကို မြို့တော်အရှေ့ဘက် ကွန်စတန်တိုင်းမြို့ရှိ စစ်ဘက်ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...