Thursday, February 27, 2014

ကာလီဖိုးနီးယားပြည်နယ်မှ ဇနီးမောင်နှံ ဒေါ်လာ ၁၀ သန်းကျော်တန်ဖိုးရှိ ရွှေဒင်္ဂါးများ တူးဖော်ရရှိခဲ့

အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ်တွင် ခွေးများနှင့်အတူ လမ်းလျှောက်ထွက်လာသော ဇနီးမောင်နှံနှစ်ဦးသည် ၎င်းတို့ပိုင် အိမ်ခြံဝင်းအတွင်း လမ်းတွင်မြှုပ်နှံထားသော ရွှေဒင်္ဂါးများကို ပြီးခဲ့သောနှစ်က တူးဖော်တွေ့ရှိခဲ့ကြောင်း သိရပြီး ယင်းရွှေဒင်္ဂါးများ၏ တန်ဖိုးသည် ဒေါ်လာ ၁ဝ သန်းကျော်နိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းခဲ့သည်။

ယင်းရွှေဒင်္ဂါးများသည် အမေရိကန်တွင် တွေ့ရှိဖူးသမျှ ပိုင်ရှင်မဲ့ပစ္စည်းများတွင် တန်ဖိုးအများဆုံးဖြစ်ကြောင်း ရှေးဟောင်းရွှေဒင်္ဂါးများကို အထူးပြုလေ့လာသည့် Kagin's Inc ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ဂျွန်နှင့်မာရီဟုသာ သိရသည့် ယင်းဇနီးမောင်နှံသည် ယမန်နှစ် ဧပြီလအတွင်း ပုံမှန်ပြုလုပ်နေကျ လမ်းလျှောက်ထွက်စဉ် သစ်ပင်တစ်ပင်အောက်တွင် မြေပြင်ပေါ် တစ်ပိုင်းတစ်စ ပေါ်နေသည့် သံချေးတက်နေသော သံဗူးတစ်ဘူးကို တွေ့ရှိခဲ့သည်။ ဂျွန်က တုတ်တစ်ချောင်းဖြင့် ဆက်တူးခဲ့ရာ ရွှေဒင်္ဂါး ၁၄၂၇ ပြားပါဝင်သည့် သံဗူးခုနစ်ဘူးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းရွှေဒင်္ဂါးများသည် ၁၈၄၇ ခုနှစ်မှ ၁၈၉၄ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သည့် ရွှေဒင်္ဂါးများဖြစ်ကာ မဖြန့်ချိရသေးဘဲ ဒင်္ဂါးစက်ရုံတွင် သွန်းလုပ်ပြီးစ အဆင့်၌သာရှိကြောင်း ဒင်္ဂါးပြားများကို လေ့လာသည့် ပညာရှင် ဒေးဗစ်ဟောက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အသက် ၄ဝ ဝန်းကျင်စီရှိသော ယင်းဇနီးမောင်နှံသည် ကာလီဖိုးနီးယားရှိ Gold Country ဟုခေါ်သည့် ကျေးလက်ဒေသတွင် နေထိုင်သည်။ ၁၉ ရာစုနှစ်အတွင်း ရွှေထွက်ရှိမှုများကြောင့် ယင်းဒေသသို့ ရွှေလာရှာသူများ အလုံးအရင်းဖြင့် ဝင်ရောက်လာမှုကြောင့် ယင်းနာမည် တွင်ခဲ့ခြင်းဖြစ်သည်။

“အခြားသူတွေလိုပဲ ကျွန်တော်တို့မှာလည်း ငွေကြေးအကျပ်အတည်း ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ အိုးအိမ်တွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အခုလို ရွှေဒင်္ဂါးတွေရခဲ့လို့ အတိုင်းမသိ ကျေးဇူးတင်မိပါတယ်” ဟု ဂျွန်ကပြောကြားသည်။ ယင်းဇနီးမောင်နှံသည် အဆိုပါရွှေဒင်္ဂါးများကို အွန်လိုင်းလေလံတင် ဝက်ဘ်ဆိုက် Amazon တွင် ရောင်းချရန် စီစဉ်နေသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...