Thursday, February 27, 2014

ဆော်ဒီမှ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံအတွက် နည်းပညာ စိန်ခေါ်မှုများရှိနေ



Kingdom Towerဟု အမည်ပေးမည့် အဆိုပါ အဆောက်အအုံသစ်ကြီးသည် ဂျာဒါးတွင် လက်တွေ့ဆောက်လုပ်ပြီးချိန်၌ အမြင့် (၃၂၈၀)ပေထိ ရှိနေမည် ဖြစ်သည်။

ဆော်ဒီအာရေဗျတွင် တည်ဆောက်ရန် စီစဉ်ထားသည့် ကမ္ဘာ့အကြီးဆုံး မိုးမျှော်တိုက်ကြီးအတွက် အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ပြဿနာများ ကြုံတွေ့နေရကြောင်း သိရှိရသည်။ Kingdom Towerဟု အမည်ပေးမည့် အဆိုပါ အဆောက်အအုံသစ်ကြီးသည် ဂျာဒါးတွင် လက်တွေ့ဆောက်လုပ်ပြီးချိန်၌ အမြင့် (၃၂၈၀)ပေထိ ရှိနေမည် ဖြစ်သည်။ ယင်းမျှော်စင်သည် ပင်လယ်နီ ရှုခင်းများကို စီးမိုး၍ ကြည့်ရှုနိုင်လောက်သော အခြေအနေမျိုး ဖြစ်နေသည်။ သို့သော်လည်း ပြဿနာများစွာ ရှိနေပြီး ယင်းတို့အနက် ဖောင်ဒေးရှင်း အနက်ကို မီတာ(၂၀၀)မျှ တူးရမည့် အခြေအနေလည်း ပါရှိသည်။

ထိုသို့ ဖောင်ဒေးရှင်း တူးပါကလည်း ဆားငန်ရေ စိမ့်ဝင်နှောင့်ယှက်မှုမျိုး မဖြစ်အောင် စီမံရန် လိုအပ်နေသည်။ လက်ရှိတွင် အင်ဂျင်နီယာများသည် သတ္တုနှင့် ကွန်ကရစ်တို့ အပါအဝင် ဆောက်လုပ်ရေး ပစ္စည်းအမျိုးမျိုးကို စမ်းသပ်တွက်ချက်နေပြီး ထိုမျှကြီးမား မြင့်မားလှသည့် အဆောက်အအုံကြီးကို တည်ဆောက်နိုင်ရေးအတွက် ပြင်ဆင်လျှက် ရှိသည်။ ပေပေါင်းများစွာ နက်ရှိုင်းအောင် တူးထားသော တွင်းကြီးထဲသို့ ကွန်ကရစ်ရည်များ လောင်းထည့်ရန် ကိစ္စသည် အင်ဂျင်နီယာများ အဓိက တွက်ချက် အဖြေရှာနေရသည့် ပြဿနာတစ်ရပ် ဖြစ်သည်။

ပညာရှင်များက အဆောက်အအုံကို တည်ဆောက်ရာတွင် ဖောင်ဒေးရှင်း၏ ထမ်းပိုးထားရမှုကို သက်သာရာ ရစေရန်အတွက် အဆောက်အအုံ၏ အလေးချိန်ကို လျှော့ချသွားနိုင်ရန်လည်း ရည်ရွယ်ထားသည်။ Advances Construction Technology Services (ACTS)မှ သုတေသီများသည် ယင်းအစီအစဉ်အတွက် သတ္တုနှင့် ကွန်ကရစ် အမျိုးအစားများကို မည်သို့ရောစပ်သင့်ကြောင်း သုတေသန ပြုလျှက်ရှိသည်။ လတ်တလောတွင်မူ အဆိုပါ အဆောက်အအုံအတွက် ကုဗမီတာ (၁)သန်းရှိ ကွန်ကရစ် ပမာဏနှင့် သံမဏိတန်ချိန် (၈၀၀၀၀)မျှ လိုအပ်လိမ့်မည်ဟု မှန်းဆထားကြောင်းလည်း သိရှိရသည်။
Planet

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...