Wednesday, February 19, 2014

ယူကရိန်းတွင် ဆန္ဒပြပွဲအသစ်များ ထပ်မံဖြစ်ပွားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပါလီမန်၌ မဲခွဲရန်တောင်းဆို



ဖေဖော်ဝါရီ ၁၆ ရက်တွင် မြို့တော်ကိဗ်ရှိ မြို့တော်ခန်းမအရှေ့ဘက်၌ ရဲများနှင့် အစိုးရဆန့်ကျင် ဆန္ဒပြသူများအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ် (Photo:AFP)


ယူကရိန်းသမ္မတ ဗစ်တာယာနူကိုဗစ်၏ အာဏာကို လျှော့ချရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပါလီမန်အမတ်များကို ဖိအားပေးနေသော အတိုက်အခံ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် မြို့တော်ကိဗ်ရှိ ပါလီမန် အဆောက်အအုံအနီး ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် ရော်ဘာကျည်ဆန်များ ပစ်ခတ်ခြင်းနှင့် မီးခိုးဗုံးများ ပစ်ခွဲခြင်းတို့ကို အသုံးပြုလျက် ဆန္ဒပြသူများကို လူစုခွဲရန် ကြိုးပမ်းခဲ့ပြီး ဆန္ဒပြသူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းနှင့် ကုန်တင်ကားနှစ်စီးကို မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြသူများသည် ပါလီမန် အဆောက်အအုံတစ်ဝိုက် တင်းကျပ်စွာ ချထားသော ရဲတပ်ဖွဲ့၏ အကာအရံ အတားအဆီးများကို ချိုးဖျက်ဝင်ရောက်ရန် ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် ဆန္ဒပြသူများသည် ကုန်တင်ကားတစ်စီးကို ရဲတပ်ဖွဲ့နေရာယူထားရာတည့်တည့်သို့ ဖြတ်မောင်းခဲ့သောကြောင့် တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သို့သော် ဆန္ဒပြသူပေါင်း ၂၀,၀၀၀ ထဲမှ အများစုသည် ပါလီမန်အဆောက်အအုံ အပြင်ဘက်၌ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီး ပါလီမန်အတွင်း၌ ယာနူကိုဗစ်၏ ပါတီဝင်အများစု ရှိနေခဲ့ကြသည်ဟု ဆိုသည်။ ဆန္ဒပြသူများသည် ယူကရိန်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ၂၀၀၄ ခုနှစ်က ပုံစံအတိုင်း အာဏာအား သမ္မတထံမှ ပါလီမန်သို့ လွှဲပြောင်းပေးရန် ဥပဒေပြုအမတ်များအား ဖိအားပေးရန် ကြိုးပမ်းကြခြင်းဖြစ်သည်။

ဆန္ဒပြသူများသည် ကိဗ်မြို့၏ အထင်ကရ လွတ်လပ်ရေးရင်ပြင်မှနေ၍ စတင်ချီတက်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါရင်ပြင်၌ အတိုက်အခံများသည် ပြန့်ကျဲနေသော ယာယီတဲများ အခိုင်အမာတည်ဆောက်ကာ သပိတ်စခန်းဖွင့်လှစ်ပြီး ယာနူကိုဗစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေခဲ့ကြသည်မှာ သုံးလနီးပါး ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...