Wednesday, February 19, 2014

ဘန်ကောက်တွင် ဆန္ဒပြသူများနှင့် ရဲများအကြား ပဋိပက္ခကြောင့် သုံးဦးသေဆုံး



ဖေဖော်ဝါရီ ၁၈ ရက်က ဘန်ကောက်ရှိ အစိုးရအိမ်တော်အနီးတွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲများနှင့် ပဋိပက္ခဖြစ်နေသော အစိုးရဆန့်ကျင် ဆန္ဒပြသူများ


ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် အစိုးရ အဆောက်အအုံများအား ပြန်လည်သိမ်းယူရန် ကြိုးပမ်းခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ဖေဖော်ဝါ ရီ ၁၈ ရက်က အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရကာ အရပ်သားနှစ်ဦး သေဆုံးသွားပြီး လူပေါင်း ၆၀ ခန့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဒဏ်ရာရသူများတွင် နိုင်ငံခြားသားတစ်ဦး ပါဝင်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်” ဟု ရဲမှူးပရာဝတ်သာဗွန်ဆီရီက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်ထရာ၏ ရုံးအနီးမှ တစ်နာရီအတွင်း ထွက်ခွာပေးရန် ရဲတပ်ဖွဲ့၏ တောင်းဆိုမှုကို ဆန္ဒပြသူများက ငြင်းဆိုခဲ့သည်။

“ဖမ်းဆီးမှုတွေက ကျွန်တော်တို့ရဲ့လုပ်ရပ်တွေအပေါ်မှာ သက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒက အားကောင်းနေဆဲပါ။ အစိုးရအနေနဲ့ ထောင်ချောက်ထဲကို ရောက်နေပါပြီ။ ဘာမှဆက်လုပ်လို့ မရတော့ပါဘူး” ဟု အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု၏ ပြောခွင့်ရပုဂ္ဂိုလ် အာကန်နတ်ပရွန်ဖန်က ပြောကြားသည်။

ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည့် နေရာများမှ လူ ၁၀၀ ခန့်ကို အရေးပေါ် အခြေအနေ ကြေညာချက်အား ချိုးဖောက်မှုဖြင့် စွမ်းအင်ဝန်ကြီးဌာန အဆောက်အအုံဝင်းအတွင်း ဖမ်းဆီးထားကြောင်း အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ ပရာဒွန်ပတ္တနာတာဘတ်က ပြောကြားသည်။

သုံးလကျော် ကြာမြင့်ပြီဖြစ်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုကာလအတွင်း ယခုအကြိမ်သည် အရေအတွက်အများဆုံး ဖမ်းဆီးမှုဖြစ်ကြောင်း သိရသည်။

ဗီဘာဗဒီရန်ဆစ်လမ်းရှိ PTT Plc ရုံးချုပ်ရှေ့ရှိ ဆန္ဒပြသူများကို ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၇ နာရီခန့်တွင် ရဲများက ၀င်ရောက်ရှင်းလင်းခဲ့ပြီး အမျိုးသားများအား လက်နောက်ပြန် ကြိုးတုပ်ခေါ်ဆောင်သွားကာ ဆန္ဒပြခေါင်းဆောင်များဖြစ်သည့် ဒေါက်တာရာဗီးမတ်ချာမာဒန်နှင့် တိုဆာပွန်ကေတီမာတို့ကို ပသွန်ထနီအရပ်ရှိ ရဲအချုပ်ခန်းတစ်ခု၌ ဖမ်းဆီးထားကြောင်း သိရသည်။

အဓိကအတိုက်အခံခေါင်းဆောင် ဆူသက်သောင်ဆူဘန်နှင့် ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီခေါင်းဆောင်များက ပညာရေးဝန်ကြီးဌာနရှေ့တွင် အဓိကရုဏ်းနှိမ်နှင်းရေး ရဲများနှင့် ရင်ဆိုင်ခဲ့ကြရာ ရဲများက အဆိုပါ အဆောက်အအုံသို့ ၀င်သည့်လမ်းကို ရှင်းလင်းနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...