Monday, February 24, 2014

တရုတ်နှင့်မြန်မာ ရင်ဆိုင်နေရသော မြစ်ဆုံဆည်စီမံကိန်း အရှိတရားများ




မြစ်ဆုံတစ်နေရာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)


(Asia Times ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သော ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးစိန်ခေါ်မှုများကို လေ့လာသည့် အကြံပေးအဖွဲ့ Stimson Center မှ အရှေ့အာရှရေးရာ ကျွမ်းကျင်သူ Yun Sun ၏ ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြထားခြင်းဖြစ်ပါသည်။)

ရပ်ဆိုင်းထားသော ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ၊ မြစ်ဆုံရေအားလျှပ် စစ်စီမံကိန်းအတွက် တရုတ်နှင့် မြန်မာတို့အကြား ဆွေးနွေးငြင်းခုံမှုသည် မကြာသေးမီက ရေချိန်မြင့်တက်ခဲ့သည်။ တရုတ်လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (China Power Investment) သည် ဧရာမ မြစ်ဆုံစီမံကိန်းအတွက် လူထုဆက်ဆံရေး လှုံ့ဆော်မှုတစ်ရပ်ကို ပြန်လည်စတင်ခဲ့ပြီးနောက် တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့အကြား အပြန်အလှန် စကားစစ်ထိုးခဲ့ကြသည်။ ယင်းတို့တွင် ဒီဇင်ဘာက ထုတ်ပြန်ခဲ့သော ဆည်စီမံကိန်း၊ ဒေသခံများ၏ ဘဝရှင်သန် ရပ်တည်ရေး၊ ဖွံ့ဖြိုးရေးတို့အတွက် အလွန်ကောင်းမွန်သော ကူညီမှုများ အကြောင်းတို့ ပါဝင်သည့် ကော်ပိုရိတ် လူမှုတာဝန်ယူမှု (CSR) အစီရင်ခံစာလည်း ပါဝင်ခဲ့သည်။

ယင်းအစီရင်ခံစာကို မြန်မာတက်ကြွ လှုပ်ရှားသူများက ချက်ချင်းပယ်ချခဲ့ပြီး လူထုအကြား ရေပန်းမစားသော စီမံကိန်းအတွက် ထောက်ခံမှုရှာဖွေရန် ရည်ရွယ်သည့် “ဝါဒဖြန့်မှု” ဟု ရှုတ်ချခဲ့ကြသည်။ ထို့နောက် မကြာမီမှာပင် တရုတ်၊ မြန်မာနှစ်ဖက်စလုံးမှ ပင်မမီဒီယာများက ပြင်းပြင်းထန်ထန် စကားစစ်ထိုးမှုတွင် ပါဝင်ခဲ့ကြသည်။

တရုတ်အစိုးရပိုင် People's Daily သတင်းစာက မြစ်ဆုံစီမံကိန်းကို သဘောတူ လက်ခံထားသည့်အတိုင်း ပြန်လည်စတင်ရန် တောင်းဆိုသည့် အထူးသတင်းပေးပို့ချက်ကို ဇန်နဝါရီ ၃ ရက်တွင် ဖော်ပြခဲ့သည်။ နောက်လေးရက်အကြာတွင် မြန်မာမှ ဩဇာကြီးထင်ရှားသော ပုဂ္ဂလိကပိုင် Eleven Media က “မြစ်ဆုံစီမံကိန်းအတွက် အလျှော့ပေး စေ့စပ်ညှိနှိုင်းမှု ရှိမည်မဟုတ်” (“မြစ်ဆုံစီမံကိန်းပြန်လုပ်ရန် သင့်၊ မသင့်မှာ တရုတ်ကုမ္ပဏီနှင့် ညှိနှိုင်းအပေးအယူလုပ်ရမည့် ကိစ္စမဟုတ်”) ဟု ရေးသားသည့် ပြင်းထန်သော ခေါင်းကြီးသတင်းကို ဖော်ပြခဲ့သည်။

အစကတည်းကပင် တရုတ်ထောက်ခံသည့် မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ဖြစ်စေခဲ့သည်။ ထို့ပြင် ယင်းစီမံကိန်း၏ ဖြစ်လာနိုင်သော သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများ၊ လူမှုသက်ရောက်မှုများကို စိုးရိမ်ခဲ့ကြသည်။ မြန်မာအစိုးရ စစ်တပ်နှင့် ကချင်သူပုန်တို့ကြား တိုက်ပွဲများဖြစ်ပွားနေသော မြောက်ပိုင်းကချင်ပြည်နယ်တွင် မြစ်ဆုံစီမံကိန်း တည်ရှိနေသည်။ ၂ဝ၁၁ ခုနှစ် ဇွန်မှစပြီး ကချင်ပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေသော သူပုန်တို့နှင့် အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။ မြစ်ဆုံကို တည်ဆောက်ရန် မြန်မာအစိုးရ၏ သဘောတူညီမှုက ၁၇ နှစ်အကြာ အပစ်အခတ်ရပ်စဲပြီးနောက် ရန်လိုမှုများ ပြန်လည်ဖြစ်ပွားစေသည့် အချက်တစ်ချက်ဟု အချို့က ရှုမြင်ကြသည်။

သို့သော်လည်း စီမံကိန်းတရားဝင် ရပ်ဆိုင်းပြီးနောက် နှစ်နှစ်ကျော်အကြာတွင် နှစ်ဖက်စလုံးအတွက် အရှိတရားသစ်များကို ရင်ဆိုင်ရန် အချိန်ကျရောက်လာခဲ့သည်။ တစ်ဖက်တွင် တရုတ်က ယင်းစီမံကိန်းကို ဖျက်သိမ်းရန် မြန်မာပြည်သူတို့၏ ဆုံးဖြတ်ချက်ကို လေးစားရန်နှင့် အခြေအနေကို ရိုးရိုးသားသားကြည့်ရန် လိုအပ်သည်။ တစ်ချိန်တည်းမှာပင် မြန်မာဘက်က ယင်းစီမံကိန်းကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက်အတွက် သံတမန်ရေး၊ ဘဏ္ဍာရေး၊ ဥပဒေရေးဆိုင်ရာ အကျိုးဆက်များကို ရင်ဆိုင်ရန် ပြင်ဆင်ရမည်ဖြစ်သည်။ မြစ်ဆုံစီမံကိန်း အခြေအနေသည် ကျယ်ပြန့်သော တရုတ်-မြန်မာ ဆက်ဆံရေး ရေချိန်ဟု လေ့လာသူများက ရှုမြင်ထားသည်။

အငြင်းပွားဖွယ်မြစ်ဆုံဆည် စီမံကိန်းကို ယခင်မြန်မာစစ်အစိုးရနှင့် တရုတ်နိုင်ငံပိုင် CPI တို့သည် ၂ဝဝ၅ ခုနှစ်က ပထမဆုံး လက်မှတ်ရေးထိုးခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် တည်ဆောက်ရေး တရားဝင် စတင်ခဲ့သည်။ သို့သော်လည်း ၂ဝ၁၁ ခုနှစ် စက်တင်ဘာတွင် စီမံကိန်းရပ်ဆိုင်းကြောင်း ကြေညာချက်နှင့်အတူ တည်ဆောက်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်ခဲ့သည်။ ယင်းလမှာပင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အမေရိကန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်အသက်ဝင်ရန် ရည်ရွယ်၍ အကြီးတန်းအဆင့်မြင့် တာဝန်ရှိသူများနှင့်အတူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ သွားရောက်လည်ပတ်ခဲ့သည်။ အငြင်းပွားဆည်သည် မြန်မာ၏ အမိမြစ် ဧရာဝတီ မြစ်ဖျားခံသည့် မြစ်နှစ်စင်းဆုံရာတွင် တည်ရှိသည်။ ဆည်တည်ရှိသည့်နေရာ၏ အလွန်အရေးကြီးမှု၊ ခြစားမှု၊ သဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ်တွင် ပွင့်လင်းမြင်သာမရှိမှုတို့အပြင် ယင်းစီမံကိန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကြသည့် အကြောင်းရင်းများစွာ ရှိနေသည်။ ယင်းစိုးရိမ်မှုများကို လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ရေးတို့တွင် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်ဟု မျှော်မှန်းထားမှု၊ ထို့ပြင် ဆည်၏လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ရာခိုင်နှုန်း ၉ဝ ကို တရုတ်ထံတင်ပို့ရန် စီစဉ်ခဲ့သည့် တစ်ဖက်စောင်းနင်း ခွဲဝေမှုတို့က ထပ်မံပေါင်းစပ်ထားသည်။ မြန်မာ၏ အရပ်သားအယောင်ဆောင်အစိုးရ၏ သမ္မတနှင့် ယခင်စစ်အစိုးရ၏ ဝန်ကြီးချုပ်ဦးသိန်းစိန်က “ပြည်သူတို့၏ဆန္ဒ” ကို တုံ့ပြန်သည့်အနေဖြင့် စီမံကိန်းကို ရပ်ဆိုင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပို၍ကျယ်ကျယ်ပြန့်ပြန့်ဆိုလျှင် မြစ်ဆုံဆည်သည် အနောက်၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အထီးကျန်အားနည်းနေသော အချိန်တွင် မြန်မာနိုင်ငံကို တရုတ်က အမြတ်ထုတ်ခဲ့မှု သင်္ကေတ ဖြစ်နေခဲ့သည်။ ထို့ပြင် ယင်းစီမံကိန်းသည် ယခင်စစ်အစိုးရ၏ ပြည်သူတို့ကို ဖိနှိပ်မှုသင်္ကေတလည်း ဖြစ်သည်။


သဘောတူညီချက် သက်သက်ကိုက ဦးသိန်းစိန်အစိုးရအနေဖြင့် တရားဝင်ဆက်ခံခဲ့သော တာဝန်ယူမှု တစ်ရပ်ဖြစ်ပြီး ဘယ်သောအခါမျှ ငြင်းဆို၍မရသော တာဝန်တစ်ရပ်ဖြစ်သည်။ စေ့စပ်ညှိနှိုင်းမှုအတွင်း မူမမှန်ဟု စွဲချက်များမှာမူ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ထုတ်ပြီး ကျူးလွန်သူများကို အပြစ်ပေးရန်သာရှိသည်။ သို့သော် နောက်ဆက်တွဲပြဿနာများ ကင်းရှင်းစွာဖြင့် စီမံကိန်းကို စွန့်လွှတ်ခြင်း ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပါ . . . . .

ဤကဲ့သို့သော အခြေအနေတွင် မြစ်ဆုံအရေးသည် နိုင်ငံရေးနှင့် စိတ်ခံစားမှုတို့နှင့် သက်ဆိုင်နေသည်။ စီမံကိန်းရပ်ဆိုင်းမှုက အင်အားကြီးမြောက်ဘက် အိမ်နီးချင်းနှင့် ရင်ဆိုင်ရာတွင် မြန်မာ၏ ပိုမိုရဲတင်းလာမှုကို ကိုယ်စားပြုသည်။ ထို့ပြင် ဆယ်စုနှစ်များစွာ စစ်ဘက်အာဏာရှင် အုပ်စိုးမှုနှင့် အမြတ်ထုတ်မှုကို မြန်မာပြည်သူတို့၏ ဆန့်ကျင်မှုသည် တဖြည်းဖြည်း အောင်ပွဲရရှိလာသည်ဟု မျှော်လင့်ထားကြသည်။ ယင်းစီမံကိန်း ပျက်စီးမှုသည် နိုင်ငံပြန်လည်ဖွားမြင်လာမှုနှင့် ဖိနှိပ်ခံအတိတ်မှ အဆက်ဖြတ်မှုကို ဖော်ညွှန်းသည်။

ယင်းစီမံကိန်း ရပ်ဆိုင်းသည့်နေ့မှစ၍ တရုတ်တို့ဘက်က စီမံကိန်း ပြန်လည်စတင်ရန် တစ်သမတ်တည်း ဖိအားပေးလာခဲ့သည်။ ဦးသိန်းစိန်က စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းခဲ့ခြင်း မဟုတ်ဘဲ ရပ်ဆိုင်းခဲ့ခြင်းသာ ဖြစ်သောကြောင့် တရုတ်က သတ်မှတ်ချက်သစ်များဖြင့် စီမံကိန်း ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ထားဆဲဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုပမာဏ အမြောက်အမြား စိုက်ထုတ်ထားပြီး ဖြစ်သောကြောင့် တရုတ်တို့၏ ဇွဲရှိမှုက ဘဏ္ဍာရေး လှုံ့ဆော်မှု ရှိနေသည်။ မကြာသေးမီက CPI ၏ CSR အစီရင်ခံက သရုပ်ဖော်ထားသည့်အတိုင်း တရုတ်သည် မြစ်ဆုံဆည်၏ လူမှုရေးနှင့် စီးပွားရေး အကျိုးအမြတ်တို့ကို မြန်မာပြည်သူတို့ လက်ခံလာရန် မမှိတ်မသုန် ကြိုးပမ်းနေသည်။ “အဓိကကျသော ဖက်စပ်စီမံကိန်းများ ချောမွေ့စွာ အကောင်အထည်ဖော်မှုသည်” ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ထိပ်တန်းမြန်မာခေါင်းဆောင်များနှင့် မကြာသေးမီက တွေ့ဆုံမှုများတွင် တရုတ်အစိုးရက ဝင်ရောက်စွက်ဖက် ပြောဆိုခဲ့သည်။

မျှော်လင့်ထားမှုများ ပဋိပက္ခများက ဆည်၏အနာဂတ်နှင့် ပတ်သက်၍ ဝေ့လည်ကြောင်ပတ် ငြင်းခုံမှုတစ်ရပ်ကို မီးထိုးပေးခဲ့သည်။ ဆည်အပေါ် ဒေသခံများ၏ ကန့်ကွက်မှုသည် ယင်း၏အကျိုးကျေးဇူးများ အပေါ်လူအများက လျစ်လျူရှုကြခြင်းနှင့် ယင်း၏ရိုက်ခတ်ချက်များနှင့် ပတ်သက်၍ ဘက်လိုက်ဆုံးဖြတ်ခြင်းများမှ မြစ်ဖျားခံလာသည်ဟု တရုတ်တို့က အခိုင်အမာ ယုံကြည်ထားသည်။ နားလည်မှုမပါဘဲ မြန်မာနိုင်ငံမှ စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံရေးအရနှင့် စိတ်ခံစားမှုအရ လက်မခံနိုင်ရခြင်း အခြေခံသဘောသက်သက်ကို လက်ခံထားလိုက်ပြီး တရုတ်တို့က ကိုယ့်ရှူးကိုယ့်ပတ် ဖြစ်စေသည့် ဆွဲဆောင်မှု (လူထုဆက်ဆံရေးများ)နှင့် ဖြားယောင်းမှု ပိုမိုပြုလုပ်ရန် (ရုပ်ဝတ္ထုအရ အထူးအခွင့်အရေးများ လျှော့ပေါ့ပေးခြင်းများ) စိတ်ကူးများဖြင့် ဆည်စီမံကိန်းကို ပြန်လည်ပြုလုပ်ရန် စီစဉ်လာသည်။ သို့သော် မြန်မာလူထုက ယင်းကဲ့သို့ အားထုတ်မှုများအား တရုတ်ကို အကျိုးအမြတ်ရှိစေပြီး မြန်မာကို ထိခိုက်စေသည့် သဘောတူညီချက်တစ်ရပ် ရရှိရန် ဖိအားပေးသည့် အင်အားကြီးမားသူ အိမ်နီးချင်း၏ လုပ်ရပ်အဖြစ်သာ မှတ်ယူကြသည်။ တရုတ်အနေဖြင့် ဤကဲ့သို့သော လမ်းကြောင်းပေါ်၌ ပို၍အချိန်ကြာကြာ ရှိနေလာလေ တွန်းအားက ပိုမိုပြင်းထန်လာလေဖြစ်ကာ နဂိုကတည်းကိုက စွန်းထင်းနှင့်ပြီးဖြစ်သော နှစ်ဦးနှစ်ဖက် ဆက်ဆံရေးများအပေါ် ပိုမိုထိခိုက်ပျက်စီးစေလာလေလေ ဖြစ်လာသည်။ ဧရာမရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြီးများနှင့် အရှေ့တောင်အာရှနှင့် တောင်အာရှတို့ ကူးသန်းရောင်းဝယ်ရေးနှင့် မဟာဗျူဟာ စင်္ကြံလမ်း အပါအဝင် တရုတ်၏ ပိုမိုကျယ်ပြန့်သော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မဟာဗျူဟာမြောက် အကျိုးစီးပွားများကို စဉ်းစားကြည့်လိုက်သည့်အခါ တရုတ်တို့အနေဖြင့် ၎င်းတို့၏ လက်ရှိမြစ်ဆုံဗျူဟာနှင့် ပတ်သက်သော ရေရှည်ကုန်ကျစရိတ်များကို ပိုမိုကောင်းမွန်စွာ တွက်ချက်ရန်နှင့် အရှိတရားကို ရင်ဆိုင်ရန် လိုအပ်သည်။ အထူးသဖြင့် တရုတ်အစိုးရအနေဖြင့် ပိုမိုကျယ်ပြန့်သော တရုတ်-မြန်မာ အပြန်အလှန် ဆက်ဆံရေး အနာဂတ်ကို သွေဖည်ထိခိုက်စေမည့် စီးပွားရေး စီမံကိန်းတစ်ခု၏ ရည်မှန်းချက်ပန်းတိုင်ကို စွန့်လွှတ်ရန် အမြော်အမြင် ကြီးမားသင့်သလားဟူသည်ကို ပြန်လည်စဉ်းစားရန် လိုအပ်လာသည်။ အမှန်တကယ်၌ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်ကတည်းက တရုတ်တို့အနေဖြင့် မြန်မာနိုင်ငံရှိ အဓိက ရင်းနှီးမြှုပ်နှံမှုအသစ် အားလုံးနီးပါးကို ရပ်ဆိုင်းလိုက်ရပြီး ဖြစ်ရုံသာမက အပြန်အလှန် နိုင်ငံရေးဆက်ဆံမှုများ၌ ကြီးမားသော ဆူးငြောင့်ခလုတ်ဖြစ်လာသည့် မြစ်ဆုံစီမံကိန်းကို စွန့်လွှတ်လိုက်ရပြီးသား ဖြစ်သည်။



အခြားတစ်ဖက်မှကြည့်လျှင် မြန်မာတို့အနေဖြင့်လည်း သူတို့၏ မြစ်ဆုံစီမံကိန်းကို အဆုံးသတ်လိုသော ဆန္ဒနှင့်ပတ်သက်၍ လက်တွေ့ကြသော မဟာဗျူဟာဖြင့် ချဉ်းကပ်ရန် လိုအပ်သည်။ ဆည်စီမံကိန်း ပြန်လည်စတင်မည့်အပေါ် ဆန့်ကျင်သည့် စိတ်ခံစားမှုဆိုင်ရာ စွပ်စွဲချက်များ သို့မဟုတ် နိုင်ငံရေး အဆိုပြုချက်များက ရေရှည်ဖြေရှင်းမှု တစ်ရပ်အပေါ် အထောက်အကူ ဖြစ်စေမည် မဟုတ်သည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးများကို ဝင်ရောက်စွက်ဖက်ခဲ့သည့် သမိုင်းကြောင်းရှိခဲ့ဖူးသော အင်အားကြီး အိမ်နီးချင်းနိုင်ငံကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်သော အန္တရာယ်ကလည်း ရှိနေသည်။ သူတို့အနေဖြင့် အသေအချာစဉ်းစားရန် လိုအပ်ပြီး ကမ်းလှမ်းအဆိုပြုချက်သည် လက်တွေ့ကျလျက် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော မျက်နှာမပျက်ရသည့် ဖြေရှင်းချက်မျိုးဖြစ်ရန် လိုသည်။

မြန်မာနိုင်ငံအနေဖြင့် မြစ်ဆုံဆည်စီမံကိန်းကို လုံးဝဖျက်သိမ်းလိုက်မည် ဆိုပါက ကျိုးကြောင်းဆီလျော်သည့် နောက်ထပ်ပြဿနာတစ်ရပ်မှာ ရင်းနှီးမြှုပ်နှံမှုအတွက် စိုက်ထုတ်ထားရသော ငွေကြေးများ၊ အပြန်အလှန် ထိခိုက်နစ်နာမှုများ၊ လျော်ကြေးများနှင့်အတူ ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးအရ တာဝန်ရှိမှုဖြစ်သည်။ မြန်မာပြည်သူလူထုက “ဖျက်သိမ်းလိုက်ရုံဖြင့် အမှားကို ပြင်လိုက်နိုင်သည်” ဟုဆိုကာ ယင်းတာဝန်ရှိမှုအား အသေးအဖွဲဟုထင် မှတ်ယူဆနိုင်သည်ကို နားလည်ပေးနိုင်ပါသည်။ သို့သော် ဥပဒေကြောင်းအရ အပြန်အလှန် သဘောတူညီထားမှု တစ်ရပ်ကို တစ်ဖက်သတ် ဖျက်သိမ်းခြင်းသည် မည်သည့်အကျိုးဆက်များမျှ မရှိဟု ယူဆခြင်းသည် ရေတိုကိုသာကြည့်ခြင်းဖြစ်ကြောင်း မျှော်လင့်ရုံသာရှိသည်။

မြန်မာနိုင်ငံမှ သုံးသပ်သူအချို့က ရုတ်တရက် ဖျက်သိမ်းလိုက်ရခြင်းအတွက် တာဝန်ယူမှုကိုငြင်းဆိုရန် အကြောင်းပြချက်များအဖြစ် သဘောတူညီချက်ရရှိရန် စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်အတွင်း “ပွင့်လင်းမြင်သာမှု နည်းပါးခြင်း” နှင့် “ဆိုးရွားလွန်းသော ခြစားမှု” တို့ ရှိခဲ့ခြင်းအား ထောက်ပြခဲ့ကြသည်။ သို့သော် သဘောတူညီချက် သက်သက်ကိုက ဦးသိန်းစိန်အစိုးရအနေဖြင့် တရားဝင်ဆက်ခံခဲ့သော တာဝန်ယူမှု တစ်ရပ်ဖြစ်ပြီး ဘယ်သောအခါမျှ ငြင်းဆို၍မရသော တာဝန်တစ်ရပ်ဖြစ်သည်။ စေ့စပ်ညှိနှိုင်းမှုအတွင်း မူမမှန်ဟု စွဲချက်များမှာမူ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ထုတ်ပြီး ကျူးလွန်သူများကို အပြစ်ပေးရန်သာရှိသည်။ သို့သော် နောက်ဆက်တွဲပြဿနာများ ကင်းရှင်းစွာဖြင့် စီမံကိန်းကို စွန့်လွှတ်ခြင်း ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပါ။

၂ဝ၁၂ ခုနှစ်က ဖိလစ်ပိုင်နှင့် တရုတ်တို့အကြား ဖြစ်ပွားခဲ့သည့် အလားတူကိစ္စတစ်ရပ်၌ အကွီနိုအစိုးရသည် တရုတ်နှင့်တည်ဆောက်သော နော့သ်ရေး (North Rail) စီမံကိန်းကို အကြိုလုပ်ငန်းစဉ်အတွင်း ဂလိုရီယာမာကာပါဂယ်အာရိုယို အစိုးရသည် ခြစားခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖျက်သိမ်းခဲ့ဖူးသည်။ သို့သော်လည်း ဖိလစ်ပိုင်အစိုးရသည် တရုတ်နိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်ဘဏ်ကို စိုက်ထုတ်ထားရသည့် ငွေများအတွက် ဒေါ်လာ ၁၈၅ သန်းအား လေးကြိမ်အရစ်ကျ လျော်ကြေးပေးဆပ်ခဲ့သည်။ ပိုမိုအတိုင်းအတာ ကြီးမားသော မြစ်ဆုံကိစ္စတွင် စိုက်ထုတ်ရင်းနှီးထားရသည့် ငွေကြေးပမာဏနှင့် ညီမျှသော အခြားမဟာဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားများကို တရုတ်သို့ မြန်မာနိုင်ငံ အနေဖြင့် ပြန်လည်ပေးမည်ဆိုပါက ဖြစ်နိုင်သည်။ သို့သော် အပြန်အလှန် လက်ခံနိုင်သော ဖြေရှင်းချက်ကို ကမ်းလှမ်းမှုမပါဘဲ စီမံကိန်းကို ဖျက်သိမ်းရန် မေတ္တာရပ်ခံခြင်းသည် လက်တွေ့မကျသကဲ့သို့ ဖြစ်နိုင်ဖွယ်လည်း မရှိပေ။ နှစ်ဖက်စလုံး၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် အနာဂတ် အပြန်အလှန် ဆက်ဆံရေးများအတွက် တရုတ်နှင့် မြန်မာနှစ်ဖက်စလုံး မြစ်ဆုံနှင့်ပတ်သက်၍ ဤအရှိတရားအား ရင်ဆိုင်ရန် အချိန်ကျရောက်ပြီဖြစ်သည်။



ဆောင်းပါးရှင် Yun Sun ၏ ကိုယ်ရေးအကျဉ်း

Yun Sun သည် Stimson Center ၏ East Asia Programme မှ အကြံပေးအဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှ Brookings Institution ရှိ Northeast Asia Policy Studies ဌာန၌ ဧည့်အကြံပေး အဖွဲ့ဝင်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုစဉ်က တရုတ်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ခြင်း စနစ်အပေါ် လေ့လာသုံးသပ်မှု လုပ်ဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ ပြဿနာများ ကိုင်တွယ်ဖြေရှင်းရေးအဖွဲ့ (ICG) ၏ ပေကျင်းမြို့အခြေစိုက် တရုတ်နိုင်ငံ ကျွမ်းကျင်သူအဖြစ် အာရှနှင့်အာဖရိကတိုက်ရှိ ပြဿနာဖြစ်ပွားသည့် နိုင်ငံများအပေါ် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးရာမူဝါဒနှင့် ပတ်သက်၍ အထူးပြု ဆန်းစစ်လေ့လာခဲ့သည်။


EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...