Monday, February 24, 2014

မြန်မာနိုင်ငံတွင်ဘီပိုးရောဂါကူးစက်ရာခိုင်နှုန်း ၉ ၅ရာခိုင်နှုန်းမကရှိနေ





သုတေသနပြုလုပ်ထားချက်အရ မြန်မာနိုင်ငံတွင်ဘီပိုးရောဂါ ကူးစက်ရာခိုင်နှုန်းသည် ၉ ၅ရာခိုင်နှုန်းမကရှိနေပီး နာတာရှည်ပိုးသယ်ဆောင်ထားသူသည် ၉၅ရာခိုင်နှုန်းထဲတွင် ကံဆိုးသူ ၁၀ရာခိုင်နှုန်းသည်ပိုးမထွက်ဘဲနာတာရှည်ပိုးသယ်ဆောင်ထားသည်ဟု ပါမောက္ခဦးခင်မောင်ဝင်းက ဆိုသည်။

အသည်းရောင်အသားဝါဘီရောဂါပိုးသည်ကမ္ဘာ့လူဦးရေတစ်ဝက်ခန့်တွင်ကူးစက်ပြန့်ပွားလျက်ရှိပြီးနှစ်စဉ်နှစ်တိုင်းရောဂါဖြစ်ပွားသူသန်း၅၀ ခန့်ရှိပီး နာတာရှည်အသည်းရောင်အသားဝါဘီရောဂါခံစားနေရသူမှာသန်းပေါင်း ၃၅၀ခန့်ရှိကြောင်း အသည်းရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဦးခင်မောင်ဝင်း ကပြောသည်။

“နာတာရှည်ပိုးသယ်ဆောင်တာက ၈ရာခိုင်နှုန်းကနေ၂၀ ရာခိုင်နှုန်း ။ ကမ္ဘာပေါ်မှာ ဘီပိုးနာတာရှည်သယ်ဆောင်နှုန်း အများဆုံး နိုင်ငံထဲမှာ မြန်မာပြည်ကပါဝင်တယ်။ တော်တော်ကိုဖြစ်နှုန်းများတဲ့ နိုင်ငံတစ်ခုပါ။ အများဆုံးကူးစက်တဲ့ နည်းလမ်းတွေက ဘာတွေလဲ ဆိုတော့မိခင်က ကလေးကိုကူးစက်တာ အများဆုံးဖြစ်တယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ ၉ ၀ရာခိုင်နှုန်းက မိခင်ကနေ ကလေးကိုကူးစက်တာ တကယ်တော့ ဒါအရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ အခုတော့ မွေးခင်းစကလေးတိုင်းကို ၂၄ နာရီတွင်းမှာ ကာကွယ်ဆေး ထိုးတဲ့စီမံကိန်းတွေ စနေပါပြီ ” ဟု ပါမောက္ခ ဦးခင်မောင်ဝင်းက ဆက်လက် ပြောကြားသည်။

အသည်းရောင်အသားဝါဘီပိုးသည် အေအိုင်ဒီအက်စ်ပိုးထက် အဆတစ်ရာခန့် ပိုမိုကူးစက်လွယ်ပြီးအများဆုံးကူးစက်နိုင်သော နည်းလမ်းများမှာ ရောဂါပိုးရှိသော မိခင်မှသေန္ဓသားသို့ ကူးစက်ခြင်း၊ ပွန်းပဲ့ဒဏ်ရာရသော အရေပြားမှတဆင့်ကူးစက်ခြင်း၊ သွေးသွင်းခြင်းနှင့် သွေးသန့်စင်ခြင်းတို့ပြုလုပ်ရာမှတဆင့် ကူးစက်ခြင်း၊ လိင်မှတဆင့်ကူးစက်ခြင်း၊ အကြောဆေးသွင်းသူများတွင်လည်းရောဂါပိုးဝင်ရောက်ရန် အလားအလာရှိကြောင်းနှင့်ကျန်းမာရေးဝန်ထမ်းများ အရေးပေါ်ကုသမှုတွင်လုပ်ကိုင်နေကြသော ၀န်ထမ်းများတွင်လည်းတဆင့်ရောဂါပိုး ၀င်ရောက်နိုင်ကြောင်း ယင်းမှဆက်လက် ပြောကြားသည်။

“သွေးမှန်သမျှကြောက်ဖို့ကောင်းတယ်လို့ ယူဆထားရမယ်။ ဆေးရုံကြီးတွေမှာ သွေးဖောက်နေတဲ့ သူနာပြု ဆရာမလေးတွေ ဆရာဝန်ပေါက်စလေးတွေ သွေးမှန်သမျှ ကြောက်စရာကောင်းတယ်လို့ ယူဆပြီးတော့လက်အိတ်စွပ်ထားရမယ်။ဘီပိုးရှိသူရဲ့သွေးတစ်စက် အပြင်မှာ ကျသွားရင် အဲဒီ့သွေးထဲမှာပိုးက ဖိနပ်မစီးထားရင် ဖနောင့်မှာအကွဲရှိနေရင် အဲဒီ့အကွဲတွေထဲကို ၀င်သွားနိုင်တယ်။ ကျန်းမာရေး ၀န်ထမ်းတွေကလူနာတွေလည်းကိုင် သွေးတွေကိုယ်လည်းဂရုမစိုက် ဆိုတော့ကူးတာပေါ့။ ဘီပိုးပထမအကြိမ်တွေ့တယ် တွေ့ပြီး ၆လတွင်းမှာဘီပိုးက သူ့ဖာသာ ပြန်ပျောက်နိုင်သေးတယ်။ တစ်ကြိမ်တွေ့တယ်နောက် ၆လကြာရင်ပြန်စစ်။ စစ်လို့တွေ့တော့မှအဲဒါကို ဘီပိုးနာတာရှည် သယ်ဆောင်ထားတယ် လို့ခေါ်တာ။ ပိုးကိုနာတာရှည်သယ်ပီး ၁၀နှစ်လောက်ဆိုတာနဲ့ အသဲခြောက် အသဲကင်ဆာတွေ ဖြစ်နိုင်တယ်။ ကြာလာရင်အသဲခြောက်ရေဖျင်းဆွဲလာမယ်။ အသဲကင်ဆာဖြစ်မယ် ” ဟု ပါမောက္ခ
ဦးခင်မောင်ဝင်းမှ ဆက်လက် ပြောကြားသည်။

ယခုအချိန်တွင်အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးခြင်းနှင့် နာတာရှည်အသည်းရောင် အသားဝါဘီပိုးသယ်ဆောင်သူ သန်းပေါင်းများစွာတို့သည် ထိရောက်သော နည်းလမ်းများဖြင့်ပျောက်ကင်းအောင် ကုသနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရွှေထွဋ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...